ထိုင်းအိမ်ခြံမြေဈေးကွက်ထဲကို တရုတ်ရင်းနှီးမြှုပ်နှံသူတွေ ပိုမိုဝင်ရောက်လာ
PUBLISHED - August 6, 2024
နိုင်ငံတကာ၊ သြဂုတ် ၆
တရုတ်ရင်းနှီးမြှုပ်နှံသူတွေ ထောက်ပံ့ထားတဲ့ ကုမ္ပဏီအများအပြားဟာ အဓိကစီးပွားရေးမြို့ကြီးတွေမှာ ပြန် လည်ငှားရမ်းဖို့နဲ့ ရောင်းချဖို့အတွက် အိမ်ခြံမြေအများအပြားကို ဝယ်ယူလျက်ရှိပါတယ်။
ထိုင်းအစိုးရက နိုင်ငံခြားသားတွေ အိမ်ခြံမြေ ငှားရမ်းသုံးစွဲပိုင်ခွင့် သက်တမ်းကာလကို အနှစ် ၅၀ ကနေ ၉၉ နှစ်အထိ တိုးမြှင့်ပေးဖို့ အဆိုပြုထားတဲ့ စီမံချက်ကလည်း အခုလို နိုင်ငံခြားသားအိမ်ခြံမြေဝယ်ယူမှုတွေကို ပိုမိုတိုးတက်လာစေမယ်လို့ ခန့်မှန်းထားကြောင်း Property DNA အကြံပေးကုမ္ပဏီက ပြောပါတယ်။
အဆိုပြုထားတဲ့စီမံချက်ကလည်း နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းပိုင်ဆိုင်မှုကို ၄၉% ကနေ ၇၅% အထိ မြှင့် တင်သွားဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
“ထိုင်းဥပဒေနဲ့အညီဖွဲ့စည်းထားတဲ့ ဒါမှမဟုတ် ထိုင်းလုပ်ငန်းရှင်တွေနဲ့ ဖက်စပ်ဖွဲ့စည်းတည်ထောင်ထားတဲ့ ဒီကုမ္ပဏီတွေဟာ အဓိကမြို့ကြီးတွေမှာ ကွန်ဒိုတိုက်ခန်းတွေနဲ့ အိမ်ရာတွေ ဝယ်ယူဖို့ တရုတ်နိုင်ငံကလာတဲ့ ရင်းနှီးမြှုပ်နှံမှုငွေတွေကို တောက်လျှောက်အသုံးပြုနေတာဖြစ်ပါတယ်။” လို့ Property DNA ကုမ္ပဏီရဲ့ ဦး ဆောင်ညွှန်ကြားရေးမှူး ဆူရာချက်ကောင်းချိ(ပ်) က တနင်္လာနေ့က ပြောပါတယ်။
“သူတို့က ဒီအိမ်ခြံမြေတွေ၊ တိုက်ခန်းတွေကို နောက်ပိုင်းမှာ ထိုင်းသူဌေးတွေနဲ့ နိုင်ငံခြားသားတွေကို ပြန်လည် ရောင်းချ၊ ငှားရမ်းဖို့ ရည်ရွယ်ထားတာပါ။ အထူးသဖြင့် ဘန်ကောက်၊ ပတ္တယားနဲ့ ဖူးခက်တို့မှာ အိမ်ခြံမြေရှာနေ တဲ့သူတွေကို ပြန်လည်ရောင်းချဖို့ပေါ့။ “ လို့ ၎င်းက ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း တရုတ်ထောက်ပံ့ထားတဲ့ အဲဒီကုမ္ပဏီတွေဟာ အဆိုပါမြို့ကြီးတွေမှာ ဘတ်ငွေ ဘီလျံ ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း Property DNA ကုမ္ပဏီက ခန့်မှန်းထားပါတယ်။
နိုင်ငံခြားသား အိမ်ရာပိုင်ဆိုင်မှုအချိုးနဲ့ အိမ်ခြံမြေငှားရမ်းသုံးစွဲပိုင်ခွင့်သက်တမ်းကာလကို တိုးမြှင့်ပေးမယ့်အဆို ပြုအစီအစဉ်ကို ခွင့်ပြုလိုက်ပြီဆိုရင် အိမ်ခြံမြေတွေ အလုံးအရင်းနဲ့ ဝယ်ယူဖို့အတွက် ထိုင်းအိမ်ခြံမြေဈေးကွက် ထဲကို တရုတ်ရင်းနှီးမြှုပ်နှံသူတွေ ပိုမိုဝင်ရောက်လာနိုင်ကြောင်း ဆူရာချက်က ပြောပါတယ်။
၂၀၂၄ ခုနှစ် ပထမ နှစ်ဝက်မှာ တရုတ်ကုမ္ပဏီတွေဟာ ထိုင်းနိုင်ငံထဲမှာ ဘတ်ငွေ ၃၈၂.၃၆ ဘီလျံရှိပြီး အဲဒီပမာ ဏဟာ အဲဒီကာလ ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားတိုက်ရိုက်ရင်းနှီးမြှုပ်နံှမှု (FDI) စုစုပေါင်းရဲ့ ၉.၄၈% ရှိ ကြောင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ပထမနှစ်ဝက်အတွင်း ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဘတ်ငွေ ၉၉၃.၃၅ ဘီလျံ (၂၄.၆၅%) ၊ စင်္ကာပူနိုင်ငံက ဘတ်ငွေ ၄၇၃.၅၇ ဘီလျံ (၁၁.၇၅%) နဲ့ တရုတ်နိုင်ငံက ဘတ်ငွေ ၃၈၂.၃၆ ဘီလျံ (၉.၄၈%) ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်း တရုတ်လုပ်ငန်းရှင်တွေ လုပ်ငန်းနယ်ပယ်ငါးခုမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ အခြေအနေက တော့ မော်တော်ကားနဲ့ ကားပစ္စည်းအစိတ်အပိုင်းတွေ ထုတ်လုပ်ရောင်းချရေးလုပ်ငန်းမှာ ဘတ်ငွေ ၁၉.၄၇ ဘီလျံ၊ တာယာနဲ့ အတွင်းကျွတ်လုပ်ငန်းမှာ ဘတ်ငွေ ၁၆.၈၆ ဘီလျံ၊ ကိုယ်တိုင်နေဖို့မဟုတ်တဲ့ အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းမျာ ဘတ်ငွေ ၁၄.၆၂ ဘီလျံ၊ စတီးလ်နဲ့ သံသတ္တုထုတ်လုပ်ရေးလုပ်ငန်းမှာ ဘတ်ငွေ ၁၃.၆၅ ဘီလျံနဲ့ လျှပ်စစ်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းမှာ ဘတ်ငွေ ၁၂.၉၃ ဘီလျံဖြစ်ကြောင်းသိရပါ တယ်။
Ref: More Chinese investors entering Thai property market
#PeopleMedia