ထီးချိုင့်မြို့နယ်၌ နှင်းဆီပါတီကိုယ်စားလှယ်လောင်း၏ မိသားစုဝင် ၄ ဦး ပစ်ခတ်သတ်ဖြတ်ခံရ
PUBLISHED - September 28, 2021
ရန်ကုန်၊ စက်တင်ဘာ ၂၈ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ အေးချမ်းလွင်ကျေးရွာ၌ နေထိုင်သည့် နှင်းဆီပါတီကိုယ်စားလှယ် လောင်း၏ မိသားစုဝင် ၄ ဦးသည် စက်တင်ဘာ ၂၆ ရက်နေ့ညပိုင်းက ပစ်ခတ်သတ်ဖြတ်ခံရကြောင်း သိရှိ ရသည်။
“သူတို့က ၂၀၂၀ ရွေးကောက်ပွဲမှာ နှင်းဆီပါတီကနေ ဝင်ပြိုင်ဖို့ ကိုယ်းစားလှယ်လောင်းတင်သွင်းခဲ့တာ။ ပါတီ ဖျက်သိမ်းခံရတော့ သူလည်း ဝင်မပြိုင်ဖြစ်တော့ဘူး” လို့ ဒေသခံတစ်ဦးက People Media သို့ပြောဆိုသည်။
ဖြစ်စဉ်မှာ ထီးချိုင့်မြို့နယ်၊ အေးချမ်းလွင်ကျေးရွာ၌ နေထိုင်သည့် ကိုဖိုးတုတ်အပါအဝင် မိသားစုဝင် ၄ ဦးကို ညပိုင်းအချိန်တွင် အမည်မသိလူတစ်စုမှ ကားဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။
အဆိုပါ မိသားစုဝင်များထဲတွင် ၃ နှစ်သားအရွယ်ကလေးငယ်သာ အသက်ရှင်ကျန်ရစ်ကြောင်းနှင့် အသတ် ခံရသူမှာ နှင်းဆီပါတီဝင်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်း တင်သွင်းခဲ့သည်။ ထို့နောက် နှင်းဆီပါတီသည် ငွေကြေးအရှုပ် တော်ပုံကိစ္စအပါအဝင် အခြားကိစ္စရပ်များကြောင့် ပါတီကို ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းလိုက်သည်။
ယင်းမိသားစုဝင်များကို မည်သည့်အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းကိုမူ မသိရှိရသေးပေ။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တပ်မတော် ထောက်ခံသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အစိုးရဝန်ထမ်းများနှင့် စစ်မှုထမ်းဟောင်းများ လုပ်ကြံသတ် ဖြတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်။
#PeopleMedia #စစ်ကိုင်း #ထီးချိုင့်
(unicode)
………………………………………………………………