ထုံးဘိုမြို့ ရဲတပ်သားအမျိုးသမီးတစ်ဦး သေနတ်နှင့် ကျည်ဆံများကို ယူဆောင်ထွက်ပြေး
PUBLISHED - September 11, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ထုံးဘိုမြို့တွင် ရဲတပ်သား အမျိုးသမီးတစ်ဦးမှ MA-13 သေနတ် (၁)လက်၊ ကျည်အိမ် (၂)ခု၊ ၉ မမ ကျည် (၁၀၀)တို့ကို ယူဆောင်ကာ ထွက်ပြေးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ (၇)ရက် ညနေ (၇)နာရီအချိန်က ရဲတပ်သား အမျိုးသမီးတစ်ဦးမှ သေနတ်နှင့် ကျည်ဆံများကို ၎င်း၏ ရည်းစားဖြစ်သူ နေထိုင်သည့် ထုံးဘိုမြို့ (၅)ရပ်ကွက်ရှိ နေအိမ်သို့ ယူဆောင် သွား ကြောင်းနှင့် စက်တင်ဘာလ (၈)ရက်တွင် ယင်းသေနတ်အား ဆာလာအိတ်ဖြင့်ထုပ်ကာ ဥသျှစ်ပင်မြို့ ရတနာပုံရပ်ကွက် ထနောင်းလမ်းရှိ ကားဝပ်ရှော့လုပ်ငန်းလုပ်ကိုင်သည့် ၎င်း၏နေအိမ်သို့ ယူဆောင်လာကာ နေအိမ် အိပ်ခန်းအတွင်း ဝှက်ထားခဲ့ကြောင်း သိရသည်။
ယင်းနောက်တွင် စက်တင်ဘာလ (၉)ရက် ညနေ (၄)နာရီအချိန်ခန့်က ရဲတပ်သားအမျိုးသမီး၏ ရည်းစား ဖြစ်သူနှင့် မောင်ဖြစ်သူတို့သည် ၎င်းသေနတ်အား ရဲစခန်းသို့ ပြန်လည်ပေးအပ်ရန် ယူဆောင်လာစဉ် စစ်ဆေးရေးဂိတ်အား မဖြတ်ရဲ၍ ဥသျှစ်ပင်မြို့မှ ထုံးဘိုမြို့သွားလမ်းကြားရှိ ရွာသာလှရွာနှင့် အင်တိုင်းရွာ အကြား လမ်းဘေးခြုံတောထဲသို့ ပစ်ချခဲ့ကြောင်း သိရသည်။
ထုံးဘိုနယ်မြေစခန်းမှူးသည် စက်တင်ဘာလ (၉) ရက်က ကင်းအဖွဲ့များကို စစ်ဆေးရာတွင် ရဲတပ်သား တစ်ဦးအား ထုတ်ပေးထားသည့် MA-13 သေနတ် (၁)လက်၊ ကျည်အိမ် (၂)ခု၊ ၉ မမ ကျည် (၁၀၀) တို့အား ရဲတပ်သား အမျိုးသမီးများ ကင်းချိန်းချိန်တွင် ပျောက်ဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် သေနတ်နှင့် ခဲယမ်းများအား ပြန်လည်တွေ့ရှိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia