“ထောင်ထဲလည်းမသွားနဲ့၊ ပြည်ပကိုလည်း ထွက်မပြေးနဲ့” လို့ လက်ရှိဝန်ကြီးချုပ်ဆရက်ထာကို ဝန်ကြီးချုပ် ဟောင်းချွန်လိပိုင်ပြော
PUBLISHED - September 13, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၃
ထိုင်းဝန်ကြီးချုပ်ဟောင်းချွန်လိပိုင်က လက်ရှိဝန်ကြီးချုပ် ဆရက်ထာထာဗီဆင်ကို “ထောင်ထဲလည်းမသွားနဲ့ ပြည်ပကိုလည်းထွက်မပြေးနဲ့။” လို့ စက်တင်ဘာလ ၁၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးဘတ်ဂျက်တွေရရှိလာတဲ့အချိန်မှာ ထိုင်းနိုင်ငံတောင်ပိုင်းဒေသကို ခွဲခြားဆက်ဆံပြီးပစ်မထား ဖို့လည်း ဝန်ကြီးချုပ်ဆရက်ထာကို ချွန်ကတောင်းဆိုလိုက်ပါတယ်။
ဆရက်ထာအစိုးရရဲ့ မူဝါဒကြေညာချက်တွေနဲ့ပတ်သက်ပြီး လွှတ်တော်တွင်း အပြန်အလှန်ဆွေးနွေးငြင်းခုန်နေ တဲ့ ဒုတိယမြောက်ရက်မှာ ချွန်လိပိုင်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
ဆရက်ထာဟာ ထိုင်းရတ်ထိုင်းပါတီနဲ့ ဖီယူထိုင်းပါတီက ဝန်ကြီးချုပ်ဟောင်းတွေလောက် အရည်အချင်းပြည့်မီ ပြီးသားဆိုတာကို ၎င်းအနေနဲ့ ယုံကြည်ပေမဲ့လည်း ဆရက်သာအနေနဲ့ ၎င်းရဲ့တာဝန်တွေကို ရိုးသားစွာထမ်း ဆောင်သွားမလားဆိုတာကို ဆုံးဖြတ်ဖို့ စောလွန်းနေသေးကြောင်း ချွန်က ပြောပါတယ်။
“ကျွန်တော့်အနေနဲ့အကြံပေးချင်တာကတော့ စည်းမကျော်ဖို့၊ ထောင်ထဲကိုဝင်မသွားဖို့နဲ့ ပြည်ပကို ထွက်ပြေးမ သွားဖို့ပဲဖြစ်ပါတယ်။” လို့ ချွန်က ပြောပါတယ်။
ချွန်လိပိုင်အနေနဲ့ ဘာ့ကြောင့်အခုလိုအကြံပေးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ အခုလိုပြောလိုက် တာဟာ နိုင်ငံကနေ ပြည်ပကိုထွက်ပြေးမသွားခင် အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ သက်ဆင်နဲ့ ယဉ်လတ်ရှင်နာဝပ်ထရာတို့ ဝန်ကြီးချုပ်ဟောင်းနှစ်ဦးကို ရည်ညွှန်းပြောဆိုတယ်ဆိုတာကိုတော့ သဘောပေါက် ထားကြပါတယ်။
ဆရက်ထာက ချွန်လိပိုင်ရဲ့အကြံပေးချက်ကို ကျေးဇူးတင်ကြောင်း၊ ၎င်းအနေနဲ့ ပြည်သူတွေရဲ့လူနေမှုဘဝကို မြှင့်တင်ဖို့ရည်ရွယ်ချက်နဲ့ နိုင်ငံရေးလောကထဲကို ဝင်ရောက်လာတာဖြစ်ကြောင်း တုံ့ပြန်ပြောကြားပါတယ်။
“ကျွန်တော်ဟာ မတူကွဲပြားတဲ့အကြံဉာဏ်တွေကိုနားထောင်ပြီး နိုင်ငံအတွက်အလုပ်လုပ်ဖို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။” လို့ ဆရက်ထာက ပြန်လည်ပြောဆိုရင်း ၎င်းရဲ့နာမည် “ဆရက်ထာ” ကို ဝန်ကြီးချုပ် ဟောင်းချွန် လိပိုင်က “ချရက်ထာ” လို့ မှားပြီးအသံထွက်တာကိုလည်း ထောက်ပြခဲ့ပါတယ်။
၎င်းတို့အစိုးရအဖွဲ့ဲရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းအနေနဲ့ပြောရရင် နိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းကိုမှ ခွဲခြားဆက်ဆံ ပြီး ပစ်ထားဖို့ဆိုတာ လုံးဝမရှိကြောင်း ဆရက်ထာက ပြောပါတယ်။
ထိုင်းတောင်ပိုင်းဒေသဟာ ၎င်းရဲ့ဒီမိုကရက်ပါတီအမာခံနယ်မြေဖြစ်နေတယ်လို့ ယူဆထားတဲ့အတွက် ဖီယူ ထိုင်းပါတီနဲ့ ထိုင်းရတ်ထိုင်းပါတီတို့ အာဏာရတဲ့အချိန်တုန်းက တောင်ပိုင်းဒေသကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ် ထားခဲ့ကြတယ်လို့ ချွန်လိပိုင်က နှစ်ပေါင်းများစွာကြာအောင် ပြောဆိုလာခဲ့တာဖြစ်ပါတယ်။
Ref: Chuan to Srettha: Don’t go to jail or go into exile
#PeopleMedia