ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၁) ရပ်ကွက် ရာအိမ်မှူးဖြစ်သူ ဦးတင်လှ သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး
PUBLISHED - December 13, 2021
ရန်ကုန်၊ ဒီဇင်ဘာ ၁၃ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၁) ရပ်ကွက်၊ လှိုင်ရတနာ (၁) လမ်းထောင့် နေထိုင် သူ ရာအိမ်မှူး ဦးတင်လှသည် ယနေ့ နံနက် ၁၀ နာရီအချိန်က သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းက ရာအိမ်မှူး ဦးတင်လှသည် ၎င်း၏ နေအိမ်ရှေ့တွင်ထိုင်နေစဉ် ဆိုင်ကယ်ဖြင့် လူတစ်စု လာရောက်ပြီး ဦးတင်လှကို သေနတ်ဖြင့် ဆက်တိုက်ပစ်ခတ်ကာ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်သွားခြင်းကြောင့် ရာအိမ်မှူး ဦးတင်လှမှာ ပေါင်ထိမှန်၊ ဝမ်းဗိုက်ထိမှန်၊ တင်ပါးထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးရုံကို လူနာတင်ယာဉ်ဖြင့် ပို့ဆောင်နေစဉ် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ အခင်းဖြစ်ပွားရာနေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ပြီး၊ ပစ်ခတ်မှုဖြစ်သည့်နေရာ တွင် 9 MM ကျည်ခွံများ တွေ့ရှိခဲ့ကြောင်း သိရသည်။
#PeopleMedia #ပြည်ထဲရေးဝန်ကြီးဌာန
(unicode)
……………………………………………………………