ဒစ်ဂျစ်တယ်ရေစီးကြောင်းသည်တန်ဖိုးရှိသည့် သတင်းအချက်အလက်များသိုမှီးရာနေရာဖြစ်သကဲ့သို့ အလိမ် အညာများ၊ မသေချာမရေရာမှုများစွန့်ပစ်ရာနေရာဖြစ်သည်ကိုလည်း သတိပြုရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

PUBLISHED - January 27, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၇
ဒစ်ဂျစ်တယ်ရေစီးကြောင်းသည် ယနေ့ကာလတွင် တန်ဖိုးရှိသည့် သတင်း အချက်အလက်များ သိုမှီးရာနေရာ ဖြစ်သကဲ့သို့ အလိမ်အညာများ၊ မသေချာမရေရာမှုများနှင့် ပြည့်နှက်နေသည့် သတင်းအချက်အလက်များ စွန့်ပစ်ရာနေရာဖြစ်သေည် ကိုလည်းသတိပြု ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-II)၌ ကျင်းပပြုလုပ်ရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်ပြီး အမှာ စကားပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်အနေဖြင့် e-Government စနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် e-Governmentဦးဆောင်ကော်မတီကို ဖွဲ့စည်းထားပြီး ဦးဆောင်ကော်မတီကချမှတ်ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ထိရောက် အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်နိုင်ရေးအတွက် e-ID စနစ်လုပ်ငန်း ကော်မတီ၊ e-Government အကောင်အထည်ဖော် ရေးလုပ်ငန်းကော်မတီတို့ကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
နိုင်ငံတော်အနေဖြင့်လည်း တီထွင်ဖန်တီးမှုစွမ်းရည်ကို မြှင့်တင်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ဖွံ့ဖြိုး တိုးတက်စေပြီး ပြည်သူတို့၏လူမှုစီးပွားဘဝကို တိုးတက်အောင် ဆောင် ရွက်ရန်ဆိုသည့် မျှော်မှန်းချက်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee – DEDC)ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဒစ်ဂျစ်တယ်နည်းပညာကို နိုင်ငံအတွင်း ကျေးလက်ဒေသများပါ မကျန် နေရာ ဒေသမရွေး အသုံးပြုနိုင်ရန်အတွက် တစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေးကွန်ရက်များ ဖြန့်ကျက် ထားရှိပြီးဖြစ်ကြောင်း၊ ဆက်သွယ်ရေးကွန်ရက်များ ပိုမိုဖြန့်ကျက်လာနိုင် သည်နှင့်အမျှ တိုးတက်လာသည့် သတင်းအချက်အလက်နည်းပညာများနှင့်အတူ Facebook ၊ Youtube ၊ Telegram စသည့် ဆိုရှယ်မီဒီယာ အသုံးပြုမှုများလည်း များပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆိုရှယ်မီဒီယာများကို အသုံးပြု ကြသည့်နေရာတွင် စနစ်တကျအကျိုးရှိရှိ အသုံးချနိုင်ရန်အရေးကြီးကြောင်း၊ မိမိတို့၏ အသုံးပြုမှုသည် အခြား သူကိုထိခိုက်နစ်နာမှုများမဖြစ်စေရေး၊ အထူးသဖြင့် နိုင်ငံတော်၏ အမျိုးသားစရိုက်လက္ခဏာ၊ နိုင်ငံတော်လုံခြုံ ရေးနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ထိခိုက်မှုမဖြစ်စေရေး အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောသည်။
ဒစ်ဂျစ်တယ်ရေစီးကြောင်းသည် ယနေ့ကာလတွင် တန်ဖိုးရှိသည့် သတင်း အချက်အလက်များ သိုမှီးရာနေရာ ဖြစ်သကဲ့သို့ အလိမ်အညာများ၊ မသေချာမရေရာမှုများနှင့် ပြည့်နှက်နေသည့် သတင်းအချက်အလက်များ စွန့်ပစ်ရာနေရာဖြစ်သေည် ကိုလည်းသတိပြု ကြရမည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာများကို အန္တရာယ် ကင်းစွာစနစ်တကျ အသုံးပြုနိုင်ရန်အတွက် သုံးစွဲသူတစ်ဦးချင်းတွင် လုံလောက်သည့် အသိပညာဗဟုသုတ ရှိရန်လိုအပ်သကဲ့သို့ စောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများကို လည်းလိုက်နာကြရန်နှင့် ဥပဒေပိုင်းအရ လည်း လိုအပ်သည့် ဥပဒေ၊ စည်းမျဉ်းစည်း ကမ်းများပြဋ္ဌာန်းပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်အနေဖြင့် ပြည်သူများ၏ သတင်းနည်းပညာ လုံခြုံစိတ်ချရမှုကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး ထိန်းသိမ်းနိုင်ရန်အတွက် အဆင့်ဆင့်ဖွဲ့ စည်းထားသည့် အဖွဲ့အစည်းများမှတစ်ဆင့် အများပြည်သူကို အသိပညာများပေးခြင်းနှင့် လိုအပ်သည့်ဥပ ဒေများ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ထုတ်ပြန်ခြင်း လုပ်ငန်းစဉ်များတွင်လည်း သက်ဆိုင်ရာဌာနအဖွဲ့ အစည်း များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးသွားကြရန်ကိုလည်း တိုက်တွန်းမှာကြား လိုကြောင်းဖြင့် ပြောကြား ခဲ့သည်။
#PeopleMedia