ဒမတ်စကတ်က အီရန်ကောင်စစ်ဝန်ရုံး လေကြောင်းက တိုက်ခိုက်ခံရမှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အမေရိကန်ပြော
PUBLISHED - April 4, 2024
နိုင်ငံတကာ၊ ဧပြီ ၄
ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့မှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက လေကြောင်းက တိုက်ခိုက်ခဲ့ရာ အမေရိကန်အနေနဲ့ ပါဝင်ပတ်သက်မှုလုံးဝမရှိသလို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်ကို ကြိုတင် အ ကြောင်းကြားတာလည်း မရှိကြောင်း အမေရိကန်အရာရှိတွေက အင်္ဂါနေ့ (ဧပြီ ၂ ရက်နေ့) က ပြောကြားလိုက် ပါတယ်။
အစ္စရေးဘက်က အခုအချိန်အထိ ပြောကြားတာမရှိသေးပေမဲ့ ထိပ်တန်းအီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဝင်တွေအပါအဝင် လူဦးရေ တစ်ဒါဇင်ကျော်သေဆုံးခဲ့တဲ့ အဲဒီတိုက် ခိုက်မှုအတွက် လက်တုံ့ပြန်တိုက်ခိုက်သွား မှာဖြစ်ကြောင်း အီရန်အစိုးရက ပြောပါတယ်။
“ဒမတ်စကတ်က တိုက်ခိုက်မှုမှာ ကျွန်တော်တို့အနေနဲ့ ပါဝင်ပတ်သက်ခြင်း လုံးဝမရှိပါဘူး။ တစ်နည်းနည်းနဲ့ ပါ ဝင်ပတ်သက်တာလည်း မရှိပါဘူး။” လို့ အမျိုးသားလုံခြုံရေးကောင်စီး ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
တိုက်ခိုက်မှုအတွက် အစ္စရေးကိုအဓိကထောက်ပံ့နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ တာဝန်ရှိတယ်ဆိုတဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးရဲ့စကားဟာ အဓိပ္ပာယ်မရှိတဲ့ပြောဆိုချက်ဖြစ်ကြောင်း ကာဘီက ပြောပါတယ်။
တိုက်ခိုက်မှုမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ လုံးဝပါဝင်ပတ်သက်ခြင်းမရှိသလို အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်အစိုးရကို ပြင်ပလမ်းကြောင်းတွေကတစ်ဆင့် ဆက်သွယ်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ဒုတိယသတင်း ထုတ်ပြန်ရေးအတွင်းရေးမှူး ဆာဘရီနာဆင်းကလည်း ပြောပါတယ်။
“တိုက်ခိုက်မှုအကြောင်းနဲ့ပတ်သက်လို့ရော ဒမတ်စကတ်က ဘယ်နေရာကို တိုက်ခိုက်မယ်ဆိုတာကိုရော အစ္စရေးက ကျွန်မတို့ကို အသိပေးထားတာမရှိပါဘူး။ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကျွန်မတို့မှာ တာဝန်မရှိဘူး ဆိုတာကို သီးသန့်လမ်းကြောင်းကနေတစ်ဆင့် အီရန်အစိုးရထံ ရှင်းရှင်းလင်းလင်း ပြောဆိုထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ ဦးသေဆုံးသွားရာ ၇ ဦးမှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင်တွေဖြစ် ပြီး ၆ ဦးက ဆီးရီးယားနိုင်ငံသားတွေဖြစ်ကြောင်း အီရန်အစိုးရမီဒီယာက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ထိပ်တန်းခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်မိုဟာမက်ရေဇာဇဟီဒီနဲ့ ဗိုလ်မှူးချုပ်မိုဟာ မက်ဟာဒီဟာဂျီရာဟီမီတို့ ပါဝင်ကြောင်း တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောပါတယ်။
သေဆုံးသူတွေထဲမှာ တော်လှန်ရေးအစောင့်တပ်ဖွဲ့က ထိပ်တန်းခေါင်းဆောင်တွေ ပါဝင်တယ်ဆိုတာ အမေရိ ကန်အစိုးရက သိရှိပေမဲ့ ၎င်းတို့ရာထူးတွေကိုတော့ သီးခြားအတည်မပြုနိုင်သေးကြောင်း ဆာဘရီနာဆင်းက ပြောပါတယ်။
Ref: US Says It Played No Role in Israeli Strike on Iran Consulate
#PeopleMedia