ဒီပဲယင်းမြို့တွင် ပင်စင်စားများ ပင်စင်ထုတ်မရတာ (၆) လခန့် ရှိပြီဖြစ်
PUBLISHED - January 8, 2024
နေပြည်တော်၊ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့တွင် ပင်စင်စားဝန်ထမ်းများကို ပင်စင်လစာများ ထုတ်မပေးသည်မှာ (၆) လခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
ပင်စင်စားဝန်ထမ်းများအနေနဲ့ တိုင်းဒေသကြီးကို အမျိုးမျိုးတင်ပြသော်လည်း ပင်စင်လစာများ လာရောက် ပို့ဆောင်ခြင်းမရှိကြောင်း ဒီပဲယင်းဒေသခံတစ်ဦးက People Media သို့ ပြောသည်။
“မြန်မာ့စီးပွါးရေးဘဏ်ကို သွားမေးတော့ ဘဏ်က ငွေထုတ်မပေးဘူးတဲ့။ တိုင်းဒေသကြီးကို အမျိုးမျိုးတင်ပြ တယ်။ ထွေအုပ်ကလည်း တင်ပြတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကိုက လာမပို့ဘူးတဲ့။ ပင်စင်ထုတ် မရတာ (၆) လ ရှိပြီ။ ပညာရေးဝန်ထမ်းတွေတောင်မှ လက်ရှိသင်နေတဲ့ ဆရာ/ဆရာမ (၃၅) ယောက်ပဲရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ဒီပဲယင်းမြို့ပေါ်၌ စားသောက်ရေး ခက်ခဲနေကြောင်းနှင့် ဆန်နှင့် ဆီများကို ထွေအုပ်ရုံးတွင် ပေါက်ဈေးအတိုင်း ဝယ်ယူ၍ ရနေသော်လည်း အသီးအရွက်နှင့် အသားငါးများကို PDF အဖွဲ့ဝင်များမှ ရောင်း ခွင့် ပိတ်ထားကြောင်း သိရသည်။
ယင်းအပြင် ဒီပဲယင်းမြို့ကို PDF အဖွဲ့ဝင်များမှ ပိတ်ဆို့ထားတာ (၂) လရှိပြီဖြစ်သဖြင့် ကားများလည်း ဝင် ရောက်ခြင်း မရှိခြင်းကြောင့် ဒီပဲယင်းမြို့မှ ထွက်ခွါ၍ မရကြောင်းနှင့် မြို့မှ ထွက်ခွါသွားသည့် ဝန်ထမ်းကို PDF အဖွဲ့ဝင်များမှ သတ်ဖြတ်နေကြောင်း ဒီပဲယင်းမြို့ခံတစ်ဦးက ပြောသည်။
#PeopleMedia