ဒီပဲယင်းမြို့ရှိ ပင်စင်စားဝန်ထမ်းများ မုံရွာမြို့သို့ ပင်စင်လစာ သွားထုတ်ရန် အခက်အခဲဖြစ်နေ
PUBLISHED - February 24, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ရှိ ပင်စင်စားဝန်ထမ်းများအနေဖြင့် ဒီပဲယင်းမြို့မှ PDF များ ထိန်းချုပ်ထား သည့် ကျေးရွာများမှတဆင့် မုံရွာမြို့သို့ သွားရောက်ရခြင်းကြောင့် ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများ သွား ရောက်ထုတ်ယူရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။
“နိုင်ငံတော်က ပင်စင်လစာတွေကို မုံရွာမှာ သွားထုတ်ဖို့ အကြောင်းကြားတယ်။ ရေဦး- မုံရွာလမ်းပိုင်းကို PDF တွေက ပိတ်ထားတာ။ အဲတော့ ပင်စင်လစာ သွားထုတ်ချင်ရင် PDF တွေ ရှိတဲ့ရွာကနေ တဆင့်သွားရတာ။ အဲတော့ တပ်မတော်ကို ထောက်ခံတဲ့ ဝန်ထမ်းတွေကျတော့ သွားမထုတ်ရဲဘူးပေါ့ဗျာ။ သွားမထုတ်ရဲတာ ဝန်ထမ်း (၂၀) ဦးလောက်ရှိတယ်” ဟု ဒီပဲယင်းမြို့ရှိ ဒေသခံတစ်ဦးက ပြောသည်။
PDF အဖွဲ့ဝင်များအနေဖြင့် ဒီပဲယင်းမြို့ကို ပိတ်ဆို့ထားသည်မှာ (၅)လခန့်ရှိပြီ ဖြစ်ကြောင်းနှင့် ပင်စင်စား ဝန်ထမ်းများ အနေဖြင့် ပင်စင်လစာ သွားရောက်ထုတ်ယူ၍ မရသည်မှာ (၉)လခန့် ကြာမြင့်နေပြီ ဖြစ်သော ကြောင့် ဒီပဲယင်းမြို့တွင် ပင်စင်လစာများ လာရောက်ထုတ်ပေးစေလိုကြောင်း ၎င်းက ပြောသည်။
ယင်းအပြင် PDF အဖွဲ့ဝင်များသည် ဒီပဲယင်းမြို့ကို ဝန်းရံပိတ်ဆို့ထားသဖြင့် ကုန်ဈေးနှုန်းများ သုံးဆခန့် မြင့်တက်နေပြီး စားနပ်ရိက္ခာများကို ခိုးကြောင်ခိုးဝှက် လာရောက်ရောင်းချသူများထံမှ ဝယ်ယူနေရကြောင်း သိရသည်။
“ဆန်တစ်ပြည်ကို (၇၅၀၀) ဝယ်စားရတယ်။ စားအုံးဆီ (၁)ပိဿာကို (၁၅၀၀၀) ပေးရတယ်။ ကြက်ဥတစ်လုံးကို (၄၅၀)လောက်ပေးဝယ်နေရတယ်။ ဒါတောင် ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။ မှောင်ခိုဈေးပေးပြီး ဝယ်စားနေရ တာ။ ပင်စင်လစာက မရတော့ ဝန်ထမ်းတွေအကုန် ဒုက္ခရောက်နေကြတာ” ဟု ဒေသခံတစ်ဦးက ဆက်လက် ပြောကြားသည်။
ယင်းနောက်တွင် ဒီပဲယင်း မြို့နယ်ရှိ အစိုးရဝန်ထမ်း မိသားစုဝင်များပိုင်ဆိုင်သည့် လယ်ယာများကို PDF အဖွဲ့ဝင်များထဲမှ စစ်မတိုက်နိုင်သည့်သူများကို နေ့စားခများပေးကာ လုပ်ကိုင်ခိုင်းနေကြောင်းနှင့် ထွက်ရှိသည့် သီးနှံများကို မုံရွာမြို့ပေါ်သို့ တဆင့် သွားရောက်ရောင်းချနေကြောင်း သိရသည်။
#PeopleMedia