ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုကိုတည်ဆောက်နေခြင်းဖြစ်သဖြင့် ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

PUBLISHED - April 30, 2024
နေပြည်တော်၊ ဧပြီ ၃၀
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်သဖြင့် ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်း LEGEL ADVOCACY CENTER (LAC) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်ရှိ အဆိုပါ သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ် လိုအပ် သည့်အရာတစ်ခုဖြစ်သည့်အပြင် မိမိတို့နိုင်ငံအတွင်းနေထိုင်သည့် နိုင်ငံသားများ၊ ပြည်သူများမဖြစ်မနေသိရှိ လိုက်နာစောင့်ထိန်းကြရမည့် သတ်မှတ်ပြဋ္ဌာန်းချက် တစ်ရပ်လည်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန် အရပ်ရပ်ကိုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ စတင်တာဝန်ယူဆောင် ရွက်သည့် အချိန်မှစပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေး၊ နိုင်ငံ့စီးပွား မြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝတိုးတက်ဖြစ်ထွန်းစေရေး တို့အတွက် မူဝါဒများချမှတ် အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊ ခေတ်စနစ်နှင့် လျော်ညီစေမည့်ဥပဒေများ၊ နည်းဥပဒေများကို ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်သိမ်း ခြင်း၊ အစားထိုးဖြည့်စွက်ခြင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
မိမိတို့နိုင်ငံသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ စေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်သဖြင့် ဥပဒေကိုနိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန် လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာသင်ကြားပေးနိုင်ရေးနှင့် အသိ ပညာပေးရေးသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ လူတိုင်းလူတိုင်း ဥပဒေ ပညာရှင် မဖြစ်နိုင်သော်လည်း ဥပဒေပညာကို သိရှိနားလည်ထားမှသာ လူမှုဘဝ မြှင့်တင်မှုများတွင် အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်၏ အခြေခံ လိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဥပဒေအသိပညာရှိကြရန် လိုအပ် သကဲ့သို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ဆောင်ရွက်ရာတွင်လည်း စီမံခန့်ခွဲမှုဆောင်ရွက်သူများ အနေဖြင့် ဥပဒေကိုနားလည်တတ်ကျွမ်းပြီး လေးစားလိုက်နာကြရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့လုပ်ကိုင်ဆောင်ရွက်မှု များသည် အမှားအယွင်းနှင့် အပြစ်ကင်းစင်ပြီး အကျိုးရှိမှန်ကန် ထိရောက်သည့် လုပ်ရပ်များနှင့်နိုင်ငံနှင့် ပြည်သူအတွက် ကောင်းကျိုးရလဒ်များကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် အသီးသီးတွင် ဝိဇ္ဇာ(ဥပဒေ)ပညာဘွဲ့ B.A(Law) ပညာသင်ကြားနေပြီး အဓိကကျသည့် တက္ကသိုလ်များတွင် ဥပဒေဘွဲ့(LLB) ပညာသင်ကြားပေးနေကြောင်း ပြောသည်။
နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍ များကို ဆောင်ရွက်ကြရာတွင် ဂုဏ်သိက္ခာရှိရှိဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရည်အချင်းပြည့် မီသည့် ဥပဒေအရာရှိများ ကို ခန့်အပ်တာဝန်ပေးနိုင်ရန်လိုအပ်ကြောင်း၊ ယခုဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းကျောင်းကို ဖွင့်လှစ်လိုက်ခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုကြ သူများအတွက် လုပ်ငန်းခွင်လက်တွေ့ လုပ်ငန်းများကို ပိုမိုလေ့လာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိ စေမည်ဖြစ်ကြောင်း၊ ဥပဒေအသိ ပညာပြန့်ပွားစေရေးကို ဆောင်ရွက်ပေးခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရား မျှတမှုဖော်ဆောင်ရေးကို တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အပြင် အဂတိလိုက်စား မှုကင်းစင်သော နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်သည့် အကျိုးကျေးဇူးကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။
#PeopleMedia