• Follow Us on

Home ဒီမိုကရေစီအရေး၊ လူမျိုးစုအရေးများကို ရုပ်ပြအဖြစ်အသုံးပြုပြီး စစ်ဘုရင်ဝါဒကို ပြန်လည်အသက်သွင်း နေကြောင်း နစကဥက္ကဋ္ဌပြောဆို

ဒီမိုကရေစီအရေး၊ လူမျိုးစုအရေးများကို ရုပ်ပြအဖြစ်အသုံးပြုပြီး စစ်ဘုရင်ဝါဒကို ပြန်လည်အသက်သွင်း နေကြောင်း နစကဥက္ကဋ္ဌပြောဆို

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၆

 

ဒီမိုကရေစီအရေး၊ လူမျိုးစုအရေး စသည့် အရေးများကို ရုပ်ပြအဖြစ် အသုံးပြုပြီး စစ်ဘုရင်ဝါဒကို ပြန်လည် အသက်သွင်းနေသည်ကို တွေ့မြင်ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့ နေ့လယ်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ HUALUXE Kunming Hotel၌ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံခဲ့စဉ် ပြောဆိုလိုက်ခြင်းဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်များနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်မှုများကို မျက်ကွယ်ပြုပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားအောင် နည်းမျိုးစုံဖြင့် ပြုလုပ်ပြီး နိုင်ငံရေးအရ၊ စစ်ရေးအရ အမြတ်ထွက်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်နေ ခြင်းသည် နှစ်နိုင်ငံအစိုးရများနှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှုမရှိဘဲ ဒေသတည်ငြိမ်ရေးအတွက် အန္တရာယ်များကြောင်း ပြောသည်။

 

“အခုချိန်မှာလည်း ဒီမိုကရေစီအရေး၊ လူမျိုးစုအရေး စတဲ့ အရေးတွေကို ရုပ်ပြအဖြစ် အသုံးပြုပြီးတော့ စစ်ဘုရင်ဝါဒကို ပြန်လည်အသက်သွင်းနေတာကို တွေ့မြင်ရပါတယ်။ ကျားသေကို အသက်ပြန် မသွင်းမိကြစေဖို့ ပြောလိုပါတယ်။”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

လက်နက်ကိုင်သောင်းကျန်းမှု၊ တရားမဝင်လုပ်ငန်းများလုပ်ဆောင်မှုများသည် ကူးစက်တတ်သည့် သဘောရှိကြောင်း၊ ယင်းသောင်းကျန်းသူများသည် ယခင်အတိတ်ကာလကလည်း နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးလုပ်ငန်းများ၊ မှောင်ခိုလုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများလုပ်ဆောင်ပြီး စစ်ဘုရင်ဝါဒကို အသက်သွင်းခဲ့သည့်သူများ ဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသကုန်သွယ်ရေးသည် နှစ်နိုင်ငံ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို တိုက်ရိုက်အထောက်အကူပြုသောကြောင့် နယ်စပ်ဒေသ တည်ငြိမ်ပြီး ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်အောင် တတ်နိုင်သရွေ့ ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ပေးကြရန် ပြောကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

#PeopleMedia


Share this post