• Follow Us on
Latest News

Home ဒုတိယကမ္ဘာစစ်ပြီးကတည်းက ၂၀၂၃ ခုနှစ်ဟာ စစ်ပွဲတွေအများဆုံးဖြစ်တဲ့နှစ်ဖြစ်ကြောင်း PRIO ပြော

ဒုတိယကမ္ဘာစစ်ပြီးကတည်းက ၂၀၂၃ ခုနှစ်ဟာ စစ်ပွဲတွေအများဆုံးဖြစ်တဲ့နှစ်ဖြစ်ကြောင်း PRIO ပြော

Share this post

နိုင်ငံတကာ၊ ဇွန် ၁၁

 

ကမ္ဘာပေါ်မှာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက စစ်ပွဲတွေဖြစ်ပွားခဲ့ရာ တခြားနှစ်တွေထက် ၂၀၂၃ ခုနှစ်ဟာ စစ်ပွဲ အများဆုံးဖြစ်ပွားတဲ့နှစ်ဖြစ်ကြောင်း နော်ဝေအခြေစိုက် ဆန်းစစ်လေ့လာရေးအဖွဲ့တစ်ဖွဲ့က တနင်္လာနေ့ (ဇွန်လ ၁၀ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

၂၀၂၃ ခုနှစ်မှာ စစ်ပွဲပေါင်း ၅၉ ခု ဖြစ်ပွားခဲ့ရာမှာ အာဖရိကတိုက်မှာ ၂၈ ခု ဖြစ်ပွားခဲ့ကြောင်း အော်စလို ငြိမ်း ခမ်းရေးသုတေသနအင်စတီကျု (Peace Research Institute of Oslo – PRIO) က ပြောပါတယ်။

 

ဒါပေမဲ့ စစ်ပွဲဖြစ်ပွားတဲ့နိုင်ငံစာရင်းကတော့ ၂၀၂၂ ခုနှစ်မှာ နိုင်ငံပေါင်း ၃၉ နိုင်ငံရှိပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ ၃၄ နိုင်ငံရှိတဲ့အတွက် နိုင်ငံအရေအတွက် လျော့ကျသွားတယ်လို့ဆိုပါတယ်။

 

စစ်ပွဲကြောင့် သေဆုံးသူဦးရေကတော့ ပြီးခဲ့တဲ့နှစ်အတွင်း ၁၂၂,၀၀၀ ဝန်းကျင်ရှိပြီး အဲဒီအရေအတွက်ဟာ အရင်နှစ်ထက် တစ်ဝက်လျော့ကျသွားတာဖြစ်ကြောင်း ဆွီဒင်နိုင်ငံ အပ်ဆာလပ်တက္ကသိုလ်၊ NGO တွေနဲ့ တခြားနိုင်ငံ တကာအဖွဲ့အစည်းတွေ ကောက်ယူထားတဲ့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။

 

ဒါပေမဲ့ အဲဒီအရေအတွက်ဟာ ယူကရိန်းစစ်ပွဲနဲ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲက အသေအပျောက်စာရင်းမပါဘဲ ၁၉၈၉ ခုနှစ်ကတည်းကကြည့်ရင် တတိယအမြင့်ဆုံးပမာဏ ဖြစ်နေသေးတယ်လို့ ဆိုပါတယ်။ “ကမ္ဘာပေါ်က အကြမ်းဖက်မှုတွေက စစ်အေးတိုက်ပွဲပြီးကတည်းက တစ်ချိန်လုံးမြင့်တက်နေတာပါ။” လို့ PRIO က သုတေသီနဲ့ ၁၉၆၄-၂၀၂၃ ကာလ စစ်ပွဲများအကြောင်း အစီရင်ခံစာရေးသားရာမှာ အဓိကရေးသားသူဖြစ်တဲ့ ဆီရိအက်စ်ရပ်စ်တတ်ဒ်က ပြောပါတယ်။

 

“အဲဒီကိန်းဂဏန်းတွေကိုကြည့်ရင် စစ်ပွဲမြင်ကွင်းက ပိုမိုရှုပ်ထွေးလာတယ်ဆိုတာ တွေ့ရမှာပါ။ နိုင်ငံတစ်နိုင်ငံ တည်းမှာပဲ စစ်ပွဲကို ဦးဆောင်နေတဲ့အဖွဲ့တွေက ပိုမိုများပြားလာပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

စစ်ပွဲအရေအတွက် များပြားလာတာဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသ တွေမှာ အိုင်အက်စ်အဖွဲ့တွေ ပိုမိုပြန့်နှံ့လာတာကြောင့်ဖြစ်နိုင်သလို အစ္စလာမ်မစ်လှုပ်ရှားမှုတွေကို ထောက်ခံတဲ့ အယ်ကွေဒါအုပ်စုနဲ့ ဆက်နွယ်နေတဲ့ လက်နက်ကိုင်အုပ်စုတွေကလည်း စစ်ပွဲတွေထဲမှာ ပါဝင်လာတာကြောင့် လည်း ဖြစ်နိုင်တယ်လို့ PRIO က ပြောပါတယ်။

 

“အဲဒီလို စစ်ပွဲအရေအတွက်များပြားတာဟာ စစ်ပွဲအခြေအနေကို ကိုင်တွယ်ထိန်းသိမ်းဖို့နဲ့ သာမန်ပြည်သူတွေရဲ့ ဘဝတွေကို မြှင့်တင်ပေးဖို့အတွက် ကူညီရေးအဖွဲ့တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေလို လုပ်ငန်းတစ်ခုခုမှာ ပါဝင်ဆောင်ရွက်နေသူတွေအတွက် ပိုမိုခက်ခဲလာစေပါတယ်။” လို့ ရပ်စ်တတ်ဒ်က ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ်က စစ်ပွဲကြောင့် သေဆုံးသူဦးရေ လျော့ကျခဲ့တယ်ဆိုပေမဲ့ လွန်ခဲ့တဲ့သုံးနှစ်အတွက် သေဆုံးသူဦးရေ ဟာ အနှစ်သုံးဆယ်အတွင်း သုံးနှစ်တစ်ဖြတ်စီသေဆုံးတဲ့ဦးရေတွေထက် ပိုမိုများပြားတယ်လို့ ဆိုပါတယ်။

 

၂၀၂၃ ခုနှစ်အတွင်း အာဖရိကတိုက်မှာ စစ်ပွဲပေါင်း ၂၈ ခု၊ အာရှတိုက်မှာ ၁၇ ခု၊ အရှေ့အလယ်ပိုင်းမှာ ၁၀ ခု၊ ဥရောပမှာ ၃ ခုနဲ့ အမေရိကတိုက်မှာ ၁ ခု စုစုပေါင်း ၅၉ ခုဖြစ်ပွားခဲ့ပါတယ်။

 

Ref: Armed Conflicts in 2023 Highest Since End of WWII: Study

 

#PeopleMedia


Share this post