ဒေသတွင်းအေဘရမ်စ်တင့်ကားပြုပြင်ထိန်းသိမ်းရေးစခန်းတစ်ခု ပိုလန်ဖွင့်လှစ်
PUBLISHED - February 23, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃
ဝါဆောမြို့တော်ရဲ့ အနောက်ဘက် ကီလိုမီတာ ၃၀၀ ကွာဝေးတဲ့ ပို့ဇ်နန်မြို့မှာ အေဘရမ်စ် (Abrams) ပင်မ တိုက်ပွဲဝင်တင့်ကားတွေအတွက် ဒေသတွင်းပင်မပြုပြင်ထိန်းသိမ်းရေးစခန်း တစ်ခုကို ပိုလန်နိုင်ငံက ဖွင့် လှစ်လိုက်ပါတယ်။
ပိုလန်နိုင်ငံမှာအခြေစိုက်ထားတဲ့ အမေရိကန်တင့်ကားတွေနဲ့ တခြားဥရောပမိတ်ဖက်နိုင်ငံတွေက အေဘရမ်စ် တင့်ကားတွေ ပြုပြင်ထိန်းသိမ်းဖို့အတွက် ဒီပြုပြင်ထိန်းသိမ်းရေးစခန်းကို ဖွင့်လှစ်လိုက်တာဖြစ်ကြောင်း ပိုလန် အစိုးရပိုင် Polish Armaments Group (PGZ) က ပြောပါတယ်။
အခုဖွင့်လှစ်လိုက်တဲ့ ပြုပြင်ထိန်းသိမ်းရေးစခန်းဟာ ပိုလန်နိုင်ငံတွင်း အသုံးပြုနေတဲ့တင့်ကားတွေအပြင် တခြား နိုင်ငံတွေမှာ တပ်ဖြန့်ချထားတဲ့ ပိုလန်နိုင်ငံရဲ့ အေဘရမ်စ်တင့်ကားတွေကိုပါ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှု တွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း PGZ အဖွဲ့က ပြောပါတယ်။
ဒေသတွင်း တင်းမာမှုတွေမြင့်တက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံရဲ့မြေပြင်တပ်ဖွဲ့တွေကို ပိုမိုခေတ်မီအောင် ဆောင်ရွက်ဖို့နဲ့ အရှေ့ပိုင်းနယ်စပ်ဒေသက ယာဉ်/ယန္တရားတွေကို ထောက်ပံ့ရေးချောမွေ့စေဖို့အတွက် အခု ဆောင်ရွက်ချက်ဟာ ပိုလန်အစိုးရရဲ့ ကျယ်ပြန့်တဲ့ဆောင်ရွက်ချက်တွေထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
ဒီကြိုးပမ်းဆောင်ရွက်မှုကို အထောက်အကူဖြစ်စေရေး ပို့ဇ်နန်မြို့မှာ ပြုပြင်ထိန်းသိမ်းရေးစခန်းတည်ဆောက်ဖို့ အတွက် ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပို့ဇ်နန်အခြေ စိုက် Military Automotive Works (WZM) ကုမ္ပဏီ တို့ဟာ အေဘရမ်စ်တင့်ကားထုတ်လုပ်တဲ့ General Dynamics Land Systems နဲ့ ၂၀၂၃ ခုနှစ်မှာ သဘောတူ စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။
“ကြည်းတပ်ရဲ့ လက်နက်တိုက်ထဲမှာရှိနေတဲ့ စစ်လက်နက်ပစ္စည်းတွေအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုတွေ၊ လုပ်ငန်းလည်ပတ်မှုတွေ၊ ပြုပြင်ထိန်းသိမ်းရေးတွေဆောင်ရွက်ပေးခြင်းဖြင့် ကြည်းတပ်ကို ထောက်ပံ့သွားရမှာ ဖြစ်ပါတယ်။” လို့ PGZ စီမံခန့်ခွဲရေးဘုတ်အဖွဲ့ဒုတိယဥက္ကဋ္ဌ ခရစ္စတော့ဆိုလာက ပြောပါတယ်။
“အခုလို အချိန်တိုလေးအတွင်းမှာ ဒီစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် General Dynamics Land Systems က ကိုယ်စားလှယ်တွေကိုရော WZM ရဲ့စီမံခန့်ခွဲမှုဘုတ်အဖွဲ့နဲ့ PGZ အဖွဲ့က ဝန် ထမ်းတွေကိုရော ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ပိုလန်အစိုးရက အမေရိကန်ထံက ၂၀၂၂ ခုနှစ်မှာ အေဘရမ်စ်တင့်ကား အစီး ၂၅၀ မှာယူပြီးနောက်မှာ အခုလို ပို့ဇ်နန်မြို့မှာ ပြုပြင်ထိန်းသိမ်းရေးစခန်းတည်ဆောက်တဲ့ စီမံချက်ကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဒေါ်လာ ၁.၁ ဘီလျံ အကုန်အကျခံတည်ဆောက်ထားတဲ့ ဒီပြုပြင်ထိန်းသိမ်းရေးစခန်းကနေ အေဘရမ်စ်တင့် ကားတွေကို ခေတ်မီဆက်သွယ်ရေးစနစ်တွေ၊ လက်နက်တွေ၊ ဆီစားနှုန်းပြုပြင်ထိန်းသိမ်းမှုတွေနဲ့ သံချပ်ကာ စွမ်းရည်တွေကို ပြုပြင်ပေါင်းစပ် တပ်ဆင်ပေးသွားမှာဖြစ်ပါတယ်။
ပိုလန်နိုင်ငံက ဝယ်ယူထားတဲ့ အေဘရမ်စ်တင့်ကား ပထမအသုတ်ဟာ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာရောက်ရှိ လာမှာဖြစ်ပါတယ်။
ပထမအသုတ်တင့်ကားတွေရော နောက်ထပ်ရောက်ရှိလာမယ့် တင့်ကားတွေပါ ပိုလန်တပ်မတော်ရဲ့လိုအပ် ချက်နဲ့အညီ အနာဂတ်ကာလ အဆင့်မြှင့်တင်မှုတွေကို တစ်ဆက်တည်း ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။
အေဘရမ်စ်တင့်ကားတွေကို မောင်းနှင်ကိုင်တွယ်နိုင်ဖို့အတွက် တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးဖို့ ပို့ဇ်နန်မြို့မှာ ၂၀၂၂ ခုနှစ်က တင့်ကားအကယ်ဒမီကျောင်းတစ်ခုကို တည်ဆောက်ခဲ့ပြီးဖြစ်ပါတယ်။
Ref: Poland Opens Regional Abrams Tank Maintenance Center
#PeopleMedia