• Follow Us on

Home ဒေါပုံမြို့နယ် ဝါဆိုတံတားအဆင်း၌ YBS ယာဉ် မီးလောင်တိမ်းမှောက်မှုကြောင့် ဒဏ်ရာများရရှိခဲ့သည့် ၅ ဦးကို ကုမ္ပဏီက ကရုဏာကြေး တစ်ဦးလျှင် တစ်သိန်းသာပေး

ဒေါပုံမြို့နယ် ဝါဆိုတံတားအဆင်း၌ YBS ယာဉ် မီးလောင်တိမ်းမှောက်မှုကြောင့် ဒဏ်ရာများရရှိခဲ့သည့် ၅ ဦးကို ကုမ္ပဏီက ကရုဏာကြေး တစ်ဦးလျှင် တစ်သိန်းသာပေး

Share this post

နေပြည်တော်၊ မတ် ၁၁

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဝါဆိုတံတားအဆင်းတွင် YBS (၁၃၄) ယာဉ် မီးလောင်တိမ်းမှောက်မှု ကြောင့် ဒဏ်ရာများရရှိခဲ့သည့် (၅) ဦးကို YBS ယာဉ်လိုင်း ကုမ္ပဏီက ကရုဏာကြေး တစ်ဦးလျှင် တစ်သိန်းသာ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မတ်လ (၈) ရက် နံနက် (၁၁) နာရီ (၅၆) မိနစ်အချိန်က ဒေါပုံမြို့နယ် ဝါဆိုတံတားအဆင်းတွင် အိမ်စီးကား စည်းကမ်းမဲ့မောင်းမှုကြောင့် YBS (၁၃၄) ယာဉ်ကို တိုက်မိခဲ့ပြီး YBS ယာဉ် တိမ်းမှောက်ကာ မီးလောင်ခဲ့သဖြင့် ဒဏ်ရာရရှိသူ ခရီးသည် (၅)ဦး ရှိခဲ့ကြောင်း သိရသည်။

 

ယင်းဒဏ်ရာရရှိခဲ့သည့် ခရီးသည်များအနက် (၃)ဦးသည် အသေးစားဒဏ်ရာသာ ရရှိခဲ့ကာ (၂) ဦးမှာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

 

“ကျွန်တော်ဆေးရုံမှာ မြင်ရတာ ဒဏ်ရာဆိုးဆိုးရွားရွားရတာ (၂)ယောက်ဗျ။ ကောင်မလေးတစ်ယောက်က ညာလက်ခြေသလုံး အလယ်လောက်ကနေပြီးတော့ ခြေဖဝါးလောက်ထိကို ဒရွတ်တိုက်ပါသွားတော့ အရိုး ချည်းပဲ ကျန်တယ်လို့ ပြောတယ်။ ပိုဆိုးတာက အခုဖြစ်တဲ့ ဦးလေးကြီးပေါ့နော်။ သူကခေါင်းတစ်ခုပဲ လှုပ်နိုင် တယ်။ တစ်ကိုယ်လုံး တော်တော်ဆိုးတယ်။ ပေါင်ကျိုးတယ်။ ဒူးဆစ် ဟတယ်။ ခြေသလုံး၊ ရင်ဘတ်၊ ဝမ်း ဗိုက်တွေမှာ ဒဏ်ရာတွေနဲ့ပေါ့နော်” ဟု လူနာ၏ ဆွေမျိုးတစ်ဦးက ပြောသည်။

 

အဆိုပါ ဒဏ်ရာရရှိခဲ့သူများကို လမ်းမှားပြီးဝင်တိုက်ခဲ့သည့် အိမ်စီးကားလေးဘက်မှ တာဝန်ယူမှုမရှိသလို YBS ကုမ္ပဏီဘက်မှလည်း ကရုဏာကြေး တစ်သိန်းသာ ပေးခဲ့ကြောင်း သိရသည်။ “ဖြစ်ဖြစ်ချင်းနေ့က ကျနော်တို့က မသိဘူး။ နောက်ရက်မှသိလို့ ဆေးရုံလိုက်သွားတယ်။ အဲချိန်မှာ ဆေးရုံမှာ လမ်းမှားတယ်ဆိုတဲ့ အိမ်စီးကား လေး ဘက်ကနေပြီးတော့ သူ့အလုပ်သမား နှစ်ယောက် ထားထားတာ တွေ့တယ်။ ပြီးရင် စားတာသောက် တာတွေ ဂရုစိုက်တာတွေ ပထမက လုပ်ပေးသေးတယ်။ ကျွန်တော်တို့ ရောက်တော့ သူ့လူနှစ်ယောက်လုံးကို ချက်ချင်းကြီးပြန်ခေါ်သွားတယ်။ နောက်ထပ်လည်း ဘာမှ မတွေ့ရတော့ သလို သူတို့ တာဝန်လည်း မဟုတ်ဘူး လို့ ပြောသွားတယ်။ နောက်ထပ် YBS ယာဉ်လိုင်းက လက်ထောက် ဆိုလား သူတို့လာတယ်။ ဒါက လျော်ကြေး မဟုတ်ပါဘူးတဲ့ ကရုဏာကြေး လာပေးတာပါဆိုပြီး တစ်သိန်း လာပေး သွားတယ်။ ကျွန်တော်တို့ကတော့ လက်ခံထားတာပဲရှိတာ” ဟု လူနာ၏ ဆွေမျိုးတော်စပ်သူက ဆက်ပြောသည်။ ယင်းအပြင် လူနာ၏ လက်ရှိ ဒဏ်ရာသည် ပြင်းထန်ကြောင်းနှင့် လက်ရှိအချိန်ထိ နစ်နာသူ လူနာကို အိမ်စီးကား ပိုင်ရှင်များနှင့် YBS ယာဉ် လိုင်းဘက်မှ လူမှုရေးအရ လာရောက်မေးမြန်းခြင်းပင် မရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။

 

“မနေ့ကတော့ ခွဲစိတ်ခန်းဝင်ရတယ်။ နေ့ခင်း (၁)နာရီလောက်က ဝင်တာ (၅)နာရီခွဲလောက်မှ ပြီးသွားတယ်။ ခုပုံတွေက ခွဲစိတ်ခန်းက ထွက်လာတဲ့ပုံတွေ။ အခုချိန်ထိလည်း ဘယ်သူကမှ လူမှုရေးအရ လာပြီး လူလုံးပြတာ တောင် ဘာမှမရှိဘူး။ ခွဲစိတ်ခန်းကနေ ထွက်လာတဲ့အချိန် သူတို့ အရိပ်အယောင် ဘာမှ မတွေ့ရဘူးပေါ့နော်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆိုတော့ ခွဲစိတ်ခန်းခတွေ ဘာတွေကတော့ လောလောဆယ် မပေးရဘူးပေါ့။ ကျန်တဲ့ အပိုင်းမှာတော့ အပြင်က ကလေးတွေ ဝိုင်းကူညီတဲ့ ဝန်ထမ်းလေးတွေကို မုန့်ဖိုးအနေနဲ့ပဲ ပေးထားရသေးတယ် ပေါ့နော်။ ရေရှည်မှာတော့ လူနာအနေအထားက ပုံမှန်အတိုင်းပြန်မဖြစ်နိုင်သလို ကုရမှာလည်းကြာဦးမှာလေ” ဟု လူနာ၏ ဆွေမျိုးဖြစ်သူက ပြောသည်။

 

#PeopleMedia


Share this post