ဒေါ်နယ်ထရမ့်နဲ့ ဇီလန်စကီး ဖုန်းပြောဆိုမှုမှာ ကမ္ဘာကျော်သူဌေးကြီး အီလွန်မတ် ပါဝင်ပြောကြား
![](https://cdn.myanmarseo.com/file/client-cdn/peoplemedia/wp-content/uploads/2024/11/465889115_122133165800379066_6750066943648197400_n-624x374.jpg)
PUBLISHED - November 9, 2024
နိုင်ငံတကာ၊ နိုဝင်ဘာ ၉
သမ္မတရွေးကောက်ပွဲအနိုင်ရ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတဇီလန်စကီးတို့ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာလ ၆ ရက်နေ့) က ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖုန်းဆက်ပြောကြားရာမှာ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ် ပါ အဲဒီစကားဝိုင်းထဲ ပါဝင်ပြောဆိုခဲ့ပါတယ်။
၂၅ မိနစ်ကြာဖုန်းခေါ်ဆိုမှုမှာ အသေးစိတ်ထုတ်ဖော်မပြောပေမဲ့ ယူကရိန်းကို ထောက်ပံ့သွားမှာဖြစ်ကြောင်း ထရမ့်က ဇီလန်စကီးကို ပြောဆိုခဲ့သလို အီလွန်မတ်ကလည်း ၎င်းရဲ့ Starlink ဂြိုဟ်တုဆက်သွယ်ရေးစနစ် တွေကို ယူကရိန်းကို ဆက်လက်ထောက်ပံ့သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
အစိုးရအဖွဲ့အတွင်းစွမ်းရည်မြင့်တင်ဖို့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဖြစ်တဲ့ Tesla ကုမ္ပဏီရဲ့ CEO အီလွန်မတ် ကို အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းသွားမှာဖြစ်ကြောင်း ထရမ့်ကပြောပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲမှာ ယူကရိန်းနိုင်ငံအတွက် အမေရိကန်က စစ်ရေးနဲ့ ဘဏ္ဍာရေးအကူအညီတွေထောက်ပံ့ နေတာကို တောက်လျှောက်ဝေဖန်ခဲ့တဲ့ ထရမ့်ကို ပထမဦးဆုံးဝမ်းမြောက်ကြောင်းပြောတဲ့ နိုင်ငံ့ခေါင်းဆောင် တွေထဲမှာ ဇီလန်စကီးပါဝင်ပါတယ်။
အီလွန်မတ်ဟာ ရွေးကောက်ပွဲမတိုင်ခင်ညကရော ရွေးကောက်ပွဲညကရော Mar-a-Lago (မာရာလာဂို) အပန်း ဖြေအိမ်တော်ကြီးမှာ ထရမ့်နဲ့အတူတူရှိနေခဲ့ပါတယ်။
ဇီလန်စကီးနဲ့ ဖုန်းပြောဆိုမှုမှာ အီလွန်မတ်ရဲ့ ပါဝင်ပတ်သက်လာမှုဟာ မကြာခင်ဖွဲ့စည်းမယ့် အစိုးရအဖွဲ့မှာ ဘယ်လောက်အထိ သြဇာညောင်းနိုင်သလဲဆိုတာကို မီးမောင်းထိုးပြထားတာဖြစ်ပါတယ်။
တူရကီသမ္မတရီဆက်တေယစ်အာဒိုဂန်နဲ့ ဖုန်းပြောတဲ့အချိန်မှာလည်း ထရမ့်ဟာ မာရာလာဂို အပန်းဖြေအိမ် တော်မှာ မတ်နဲ့ အတူရှိနေခဲ့ပေမဲ့ ဖုန်းစကားဝိုင်းမှာ မတ် ပါမပါ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဖြစ်တဲ့ အီလွန်မတ်ဟာ ထရမ့်ရဲ့မဲဆွယ်ပွဲမှာ ဒေါ်လာဘီလျံပေါင်းများစွာရင်းနှီး မြှုပ်နှံပြီး ကူညီမဲဆွယ်ခဲ့သူဖြစ်ပါတယ်။
ဇီလန်စကီးက ထရမ့်နဲ့ ဖုန်းပြောတဲ့အကြောင်းကို “အကောင်းဆုံး ဖုန်းပြောဆိုမှု” အဖြစ် လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပေမဲ့ အီလွန်မတ်နဲ့ ပြောဆိုခဲ့တာကိုတော့ လုံးဝ ဖော်ပြထားခြင်း မရှိပါဘူး။
ရုရှားနဲ့ ဖြစ်နေတဲ့ စစ်ပွဲမှာ အမေရိကန်ရဲ့ စစ်ရေးနဲ့ ဘဏ္ဍာရေးအကူအညီတွေ ကာလရှည်ဆက်လက်ရရှိဖို့အ တွက် ဇီလန်စကီး ကြိုးပမ်းနေစဉ်အတွင်း အခုလို ဒေါ်နယ်ထရမ့်နဲ့ ဖုန်းခေါ်ဆိုမှု ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
Ref: Musk joined Trump’s call with Ukraine’s Zelenskiy, media reports say: Reuters/ ABC
#PeopleMedia