ဒေါ်နယ်ထရမ့် နောက်ထပ်လုပ်ကြံရန်ကြိုးစားမှုမှ ဘေးကင်းလုံခြုံစွာ လွတ်မြောက်ပြီး လုပ်ကြံရန်ကြိုးစားသူကို ဖမ်းမိထား
PUBLISHED - September 16, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၁၆
သမ္မတဟောင်း ဒေါ်နယ်ထရမ့် တနင်္ဂနွေနေ့နေ့လယ် (စက်တင်ဘာ ၁၅ ရက်) နေ့က အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က ၎င်းပိုင် ဂေါက်ကွင်းတစ်ခုမှာ ဂေါက်ရိုက်ကစားနေတုန်း လူတစ်ဦးက ၎င်းကို သေနတ်နဲ့ ပစ်ဖို့ ကြိုးစားစဉ် လုံခြုံရေးအရာရှိတွေက တားဆီးလိုက်နိုင်ကြောင်း အမေရိကန်အာဏာပိုင်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။
မစ္စတာထရမ့် ဂေါက်ရိုက်နေတဲ့နေရာနဲ့ ကိုက် ၃၀၀-၅၀၀ အကွာအဝေးလောက်က ခြုံပုတ်တစ်ခုထဲကနေ သေ နတ်ပြောင်းတစ်ခုထွက်နေတာကို လုံခြုံရေးအဖွဲ့ (Secret Service) အဖွဲ့ဝင်တစ်ယောက်ကတွေ့ ရှိပြီး အဲဒီလူ ကို လှမ်းပစ်ခဲ့ပါတယ်။
သေနတ်သမားက အနက်ရောင်နီဆန်း ကားတစ်စီးပေါ် တက်မောင်းပြေးသွားခဲ့ပြီးနောက် ရဲတွေက လိုက်လံ ဖမ်းဆီးခဲ့ရာမှာ အဲဒီသေနတ်သမားကို ဖမ်းမိထားပြီလို့ ဆိုပါတယ်။ ကားနဲ့ ထွက်ပြေးသွားတဲ့ သေနတ်သမားကို တွေ့လိုက်ရသူတစ်ဦးက ကားနံပတ်မှတ်ထားပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တဲ့အတွက် အခုလို အမြန်ဆုံး ဖမ်းဆီးနိုင်တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
သေနတ်သမားထွက်ပြေးသွားတဲ့ ခြုံပုတ်ထဲက အေကေ-၄၇ ရိုင်ဖယ်တစ်လက်၊ သေနတ်မှန်ပြောင်းတစ်ခု၊ ခြံ စည်းရိုးမှာ ချိတ်ထားတဲ့ ကျောပိုးအိတ်နှစ်လုံးနဲ့ GoPro ကင်မရာတစ်လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း FBI အဖွဲ့ က ပြောပါတယ်။
“ကျွန်တော် ဘေးကင်းလုံခြုံပါတယ်။ ဘယ်အရာကမှ ကျွန်တော့်ကို နှောင့်နှေးကြန့်ကြာအောင် တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် ဘယ်တော့မှ အရှုံးပေးသွားမှာ မဟုတ်ပါဘူး။” လို့ ထရမ့်က ၎င်းကိုထောက်ခံသူတွေ အတွက် email တစ်စောင်ရေးသားပြန်ကြားခဲ့ပါတယ်။
ပန်ဆယ်ဗေးနီးယားပြည်နယ် ဘတ္တလာမြို့မှာ လွန်ခဲ့တဲ့နှစ်လက သေနတ်သမားတစ်ဦးက ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားရာမှာ ထရမ့်နားရွက်မှာ ဒဏ်ရာရခဲ့ပြီးနောက် အခုလို နောက်ထပ်တစ်ကြိမ် လုပ်ကြံဖို့ ကြိုးစားမှု ထပ်မံ ဖြစ်ပွားလာတာဖြစ်ပါတယ်။
သေနတ်သမားက ဘယ်သူဖြစ်တယ်ဆိုတာရယ် ဘာရည်ရွယ်ချက်နဲ့ လုပ်ကြံဖို့ ကြိုးစားတယ်ဆိုတာရယ်တော့ အာဏာပိုင်တွေက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာထောက်လှမ်းရေးအဖွဲ့အစည်းတွေက သမ္မတဂျိုးဘိုင်ဒနဲ့ ဒုတိယသမ္မတကမ် မလာဟားရစ်တို့ကို သတင်းပို့ထားကြောင်း သိရပါတယ်။ ဒုတိယသမ္မတဟားရစ်ဟာ ထရမ့်နဲ့ ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်ပါတယ်။
Ref: Trump rushed to safety and suspect held after man spotted with rifle: BBC
#PeopleMedia