ဒေါ်လာ ၇.၂ ဘီလျံ တန်ကြေးရှိ F-35 ဂျက်တိုက်လေယာဉ်တွေ ရိုမေးနီးယားကို ရောင်းချပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ခွင့်ပြု
PUBLISHED - September 16, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၁၆
နေတိုးမဟာမိတ်နိုင်ငံ ရိုမေးနီးယားနိုင်ငံကို ဒေါ်လာ ၇.၂ ဘီလျံ တန်ကြေးရှိ F-35 ဂျက်တိုက်လေယာဉ်အများ အပြားရောင်းချပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ကြောင်း သောကြာနေ့ (စက်တင်ဘာ ၁၃ ရက်နေ့) က ကြေညာလိုက်ပါတယ်။
အမေရိကန် လော့ဟိမာတင်ကုမ္ပဏီထုတ် F-35 ဂျက်တိုက်လေယာဉ် ၃၂ စင်းနဲ့ ဆက်စပ်ပစ္စည်းတွေပါဝင်မယ့် အဲဒီကန်ထရိုက်စာချုပ်အတွက် အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ ခွင့်ပြုချက် လိုအပ်နေဆဲဖြစ်ပါတယ်။
“ဥရောပဒေသမှာ နိုင်ငံရေး/စီးပွားရေးတည်ငြိမ်မှုအတွက် အရေးပါတဲ့အင်အားတစ်ရပ်ဖြစ်တဲ့ နေတိုးမဟာမိတ် နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးကို မြှင့်တင်ပေးခြင်းအားဖြင့် ဒီအဆိုပြုထားတဲ့ရောင်းချရေးစာချုပ်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး မူဝါဒရည်ရွယ်ချက်တွေနဲ့ အမျိုးသားလုံခြုံရေးရည်မှန်းချက်တွေကို အထောက်အ ကူပြုသွားမှာဖြစ်ပါတယ်။” လို့ နို်င်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အခုသီတင်းပတ်အတွင်း ရိုမေးနီးယားနိုင်ငံထဲက အထူးစင်တာတစ်ခုမှာ ယူကရိန်းလေသူရဲတွေ F-16 ဂျက် တိုက်လေယာဉ်ကိုင်တွယ်မောင်းနှင်နည်းသင်တန်း စတင်တက်ရောက်နေစဉ်အတွင်းမှာပဲ အခုလို ရိုမေးနီးယား ကို F-35 ဂျက်တိုက်လေယာဉ်တွေ ရောင်းချပေးမယ့် ခွင့်ပြုချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ရိုမေးနီးယားနိုင်ငံဟာ ယူကရိန်းနိုင်ငံနဲ့ ပင်လယ်နက်ကို သွားတဲ့ ဂိတ်ပေါက်ဝမှာ မဟာဗျူဟာမြောက်နေရာတစ် ခုဖြစ်ပြီး နိုင်ငံတကာလေသူရဲတွေအတွက် F-16 ဂျက်တိုက်လေယာဉ် သင်တန်းပို့ချရာ အဓိကနေရာတစ်ခုဖြစ် လာဖို့လည်း ရည်ရွယ်ထားပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလက ရိုမေးနီးယားနိုင်ငံ ဖာတက်စ်တီလေတပ်စခန်းမှာ F-16 ဂျက်တိုက်လေယာဉ် သင် တန်းကျောင်းဖွင့်လှစ်ခဲ့ရာ ယူကရိန်းလေသူရဲတွေကို အဲဒီလေယာဉ်မောင်းသင်တန်းကျောင်းမှာ လေ့ကျင့်သင် ကြားပေးမှာဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ရိုမေးနီးယားနိုင်ငံ ခြားရေးဝန်ကြီး လူမီနီတာ အိုဒိုဘက်စ်ကူနဲ့ တွေ့ဆုံစဉ် “ယူကရိန်းကို ပက်ထရီယော့ လေကြောင်းရန်ကာကွယ် ရေးဒုံးကျည်စနစ်တစ်စုံ” ပို့ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်လာ ၄.၁ ဘီလျံတန်ကြေးရှိတဲ့ KC-46A ဝေဟင် ဆီဖြည့်လေယာဉ်ကြီးတစ်စင်းကို ဂျပန်နိုင်ငံကို ရောင်းချပေးဖို့ ခွင့်ပြုလိုက်ကြောင်းကိုလည်း သောကြာနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
Ref: US Approves $7.2B Sale of F-35 Jets to NATO Ally Romania
#PeopleMedia