ဓားစာခံတွေကို သတ်ဖြတ်တဲ့အတွက် သွေးကြွေးဆပ်လက်စားချေမယ်လို့ နတန်ယာဟု ပြော
PUBLISHED - September 3, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၃
ဂါဇာဒေသ မြေအောက်လိုဏ်ခေါင်းတစ်ခုက ဓားစာခံ ၆ ဦးအလောင်းကို အစ္စရေးစစ်တပ်က ပြန်လည်တွေ့ရှိ ခဲ့ပြီးနောက် ဟားမတ်စ်အဖွဲ့ကို “သွေးကြွေးဆပ် လက်စားချေသွားမှာဖြစ်ကြောင်း” အစ္စရေးဝန်ကြီးချုပ် ဘင်ဂျ မင်နတန်ယာဟုက တနင်္ဂနွေနေ့ (စက်တင်ဘာ ၁ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
“ဓားစာခံတွေကို သတ်တဲ့သူတွေဟာ ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို မလိုချင်ပါဘူး။ ကျွန်တော်တို့ မတွေ့တွေ့အောင်ရှာပြီး ရအောင်ဖမ်းဆီးပါ့မယ်။ ပြီးရင် ကျွန်တော်တို့ သွေးကြွေးဆပ်ပြီး လက် စားချေသွားမှာဖြစ်ပါတယ်။” လို့ နတန်ယာဟုက ဟားမတ်စ်ခေါင်းဆောင်တွေကို ထုတ်ပြန်ချက်ထဲမှာ ပြောပါ တယ်။
အစ္စရေးနိုင်ငံဟာ အစ္စရေးနိုင်ငံသားအားလုံးကို သတ်ဖြတ်ချင်နေတဲ့ အလွန်ရက်စက်တဲ့ရန်သူကို စစ်မျက်နှာ ပေါင်းစုံကနေ တိုက်ခိုက်နေရကြောင်း၊ တနင်္ဂနွေနေ့က အနောက်ဘက်ကမ်းခြေဒေသ ဟာဘရွန်မြို့အနီးက တိုက်ခိုက်မှုမှာလည်း ရဲတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်း နတန်ယာဟုက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့ တိုက်ခိုက်မှုမျိုးတွေကို ဟားမတ်စ်အဖွဲ့က ဆက်လက်ကျူးလွန်နေတဲ့ အတွက် အဲဒီလို ဆက်မလုပ်နိုင်အောင် မိမိတို့အနေနဲ့ လုပ်နိုင်သမျှ လုပ်ရမှာဖြစ်ကြောင်း နတန်ယာဟုက ပြော ပါတယ်။
သေဆုံးသွားတဲ့ ဓားစာခံ ၆ ဦးအနက် သုံးလေးဦးဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ရင် ပြန်လည် စေလွှတ်ပေးဖို့ သဘောတူခွင့်ပြုထားပြီးဖြစ်ကြောင်း ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
ဒါပေမဲ့လည်း လပေါင်းများစွာ ကြားဝင်စေ့စပ်ညှိနှိုင်းပေးနေပေမဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အပြီးသတ်ဆုံး ဖြတ်ချက် မချနိုင်သေးပါဘူး။
“အစ္စရေးတွေ တွေ့ရှိခဲ့တယ်ဆိုတဲ့ ဓားစာခံအလောင်းတွေထဲက တချို့ဟာ အစ္စရေးမှာချုပ်နှောင်ထားတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေနဲ့ လဲလှယ်ပြီး ပြန်လွှတ်ပေးဖို့ သဘောတူထားတဲ့သူတွေဖြစ်ပါတယ်။” လို့ အမည်မဖော်လိုတဲ့ အစ္စရေးအရာရှိတစ်ဦးက ပြောပါတယ်။
အလောင်းပြန်တွေ့ခဲ့တဲ့ အမေရိကန်-အစ္စရေး ဓားစာခံ ဟက်ရှ်ဂိုးလ်ဘာ့ဂျ်ပိုလင်းနဲ့ တခြားနှစ်ဦးဖြစ်တဲ့ ကာမယ် ဂက်နဲ့ အီဒင်ယီရူရှယ်လ်မီတို့ဟာ အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်ခဲ့ရင် ပြန်လွှတ်ပေးဖို့ ဟားမတ်စ်အဖွဲ့က သ ဘောတူညီထားတဲ့သူတွေဖြစ်ကြောင်း အစ္စရေးမီဒီယာတွေမျာလည်း ဖော်ပြထားပါတယ်။
အဲဒီဓားစာခံ ၆ ဦးဟာ အစ္စရေးရဲ့ ပစ်ခတ်မှုတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးသွားတာဖြစ်ကြောင်း ဟားမတ်စ်အရာရှိတစ်ဦးက ပြောပေမဲ့ အဲဒီပြောဆိုချက်ကို အစ္စရေးဘက်က ငြင်းဆိုထားပါတယ်။
ကနဦးဆန်းစစ်လေ့လာမှုတွေအရ အဲဒီဓားစာခံ ၆ ဦးကို ဟားမတ်စ်အကြမ်းဖက်သမားတွေက ရက်ရက်စက် စက် သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုမှာ အစ္စရေးစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး နာဒက်ဗ်ရှိုရှာနီက ပြောပါတယ်။
“သူတို့တွေကို ဟားမတ်စ်အကြမ်းဖက်သမားတွေ သတ်ပစ်လိုက်တာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော် ပြောနိုင်တာက အဲဒီလိုဏ်ခေါင်းထဲမှာ ဘာတိုက်ပွဲမှ မဖြစ်ခဲ့ဘူးဆိုတာပါပဲ။” လို့ ရှိုရှာနီက ပြောပါတယ်။
အဲဒီဓားစာခံတွေ အစ္စရေးတပ်ဖွဲ့ဝင်တွေကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ ဟားမတ်စ်အဖွဲ့က ပြောနေတာ ဟာ စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတာသာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့ဝင်တွေက အင်္ဂါနေ့က ကိုင်ဖာဟန်အယ်လ်ကာဒီဆိုသူ အသက်ရှင်ကျန်ခဲ့တဲ့ ဓားစာခံတစ်ဦးကို ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့နေရာနဲ့ တစ်ကီလိုမီတာဝန်းကျင်အကွာအဝေးရှိတဲ့ ရာဖာမြို့တောင်ဘက်က လိုဏ်ခေါင်းတစ်ခုထဲမှာ အဲဒီဓားစာခံအလောင်းတွေကို တွေ့ရှိခဲ့တာဖြစ်ကြောင်း ရှိုရှာနီက ပြောပါတယ်။
Ref: Israel Vows ‘to Settle the Score’ With Hamas after Hostage Deaths
#PeopleMedia