ဓားစာခံတွေထဲက အမေရိကန်အမျိုးသမီးနှစ်ဦးကို ဟားမတ်စ်တွေ ပြန်လွှတ်ပေး
PUBLISHED - October 21, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၁
ဂါဇာကမ်းမြောင်ဒေသကို ဖမ်းခေါ်သွားတဲ့ဓားစာခံတွေထဲက အမေရိကန်အမျိုးသမီးတစ်ဦးနဲ့ ၎င်းရဲ့သမီးဖြစ်သူ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ဦးကို ဟားမတ်စ်အဖွဲ့က သောကြာနေ့ (အောက်တိုဘာလ ၂၀ ရက် နေ့) က ပြန်လွှတ်ပေးလိုက်ရာ ဓားစာခံပေါင်း ၂၀၀ ဝန်းကျင်ဖမ်းထားတဲ့အနက် အခုလိုပြန်လွှတ်ပေးလိုက်တာ ဟာ ပထမဦးဆုံးအသုတ် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း အစ္စရေးက ပြောပါတယ်။
အမေရိကန်အမျိုးသမီးဂျူးဒစ်ရာနန်နဲ့ ၁၇ နှစ်အရွယ်သမီးဖြစ်သူ နာတာလီတို့ဟာ ဂါဇာကမ်းမြောင်ဒေသအပြင် ဘက်ကိုရောက်ရှိလာပြီဖြစ်ပြီး အစ္စရေးစစ်တပ်ထဲမှာရောက်နေကြောင်း အစ္စရေးကြည်းတပ် ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
အဲဒီအမေရိကန်အမျိုးသမီးနှစ်ယောက်ကို ကာတာအစိုးရနဲ့ ညှိနှိုင်းသဘောတူညီချက်အရ လူသားချင်းစာနာ ထောက်ထားမှုအကြောင်းတရားတွေအတွက် ပြန်လည်စေလွှတ်ပေးလိုက်တာဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့က ပြောပါတယ်။
ဟားမတ်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းမယ်လို့ ကြေညာထားတဲ့ အစ္စရေးကြည်းတပ်ရဲ့ မြေပြင်ထိုးစစ်ထွက်ပေါ် လာခါနီးအခြေအနေကိုမျှော်လင့်နေတဲ့ကြားထဲက အခုလို အမေရိကန်အမျိုးသမီးနှစ်ဦးကို ဟားမတ်စ်က ပြန် လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
လူဦးရေ ၂.၃ သန်းဝန်းကျင်နေထိုင်တဲ့ ဂါဇာကမ်းမြောင်ဒေသကို ရှေရှည်သိမ်းပိုက်ထိန်းချုပ်ထားဖို့ အစီအစဉ် မ ရှိဘူးလို့ အစ္စရေးအစိုးရက သောကြာနေ့က ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်နေသလို မျှော်လင့်ချက်မဲ့နေတဲ့ မိသားစုတွေနဲ့ ဆေးရုံ တွေအတွက် အကူအညီတွေရရှိအောင် အာဏာပိုင်တွေကလည်း တဖြည်းဖြည်းကြိုးစားနေပါတယ်။
တပြိုင်တည်းမှာပဲ အစ္စရေးနဲ့ အိမ်နီးချင်းလက်ဘနွန်နိုင်ငံထဲက စစ်သွေးကြတွေကြားထဲမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် အစ္စရေး-လက်ဘနွန်နယ်စပ်ဒေသမှာနေထိုင်တဲ့ နှစ်ဖက်ပြည်သူတွေလည်း ဘေးကင်း လုံခြုံရာကို ထွက်ပြေးနေကြရပါတယ်။
ဂျူးဒစ်နဲ့ နာတာလီတို့ဟာ ဂျူးအားလပ်ရက်ပွဲတော်ဆင်နွှဲဖို့ အမေရိကန်နိုင်ငံ ရှီကာဂိုမြို့ကနေ အစ္စရေးကိုထွက် လာခဲ့ကြတာဖြစ်ပြီး ဟားမတ်စ်တွေ အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်တဲ့အချိန် မှာ ၎င်းတို့သားအမိဟာ ဂါဇာအနီးက နာဟောလ်အော့ဇ်စိုက်ပျိုးရေးကျေးရွာကို ရောက်ရှိနေတာဖြစ်ပါတယ်။
ဟားမတ်စ်တိုက်ခိုက်မှုစတင်ကတည်းက အမေရိကန်အမျိုးသမီးနှစ်ဦးရဲ့သတင်းတွေကို ဘာမှမကြားရတော့ဘဲ ၎င်းတို့ကို ဓားစာခံတွေအဖြစ် ဟားမတ်စ်တွေက ဖမ်းခေါ်သွားတယ်လို့ အမေရိကန်နဲ့ အစ္စရေးအရာရှိတွေက ပြောကြောင်း နာတာလီရဲ့အစ်ကို ဘန်းက ပြောပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြန်လည်လွတ်မြောက်လာတဲ့ သားအမိနှစ်ဦး၊ ၎င်းတို့ရဲ့ ဆွေမျိုးသားချင်းတွေ နဲ့ စကားပြောခဲ့ပါတယ်။
လွတ်မြောက်လာတဲ့ အမေရိကန်အမျိုးသမီးနှစ်ဦးကို ဂါဇာကနေ အစ္စရေးအထိ လိုက်လံပို့ဆောင်ပေးခဲ့တဲ့ နိုင်ငံ တကာကြက်ခြေနီကော်မတီ (ICRC) ကတော့ ၎င်းတို့နှစ်ဦးရဲ့ လွတ်မြောက်မှုဟာ “မျှော်လင့်ချက်ရောင်ခြည် လေးသန်းလာတာ” ဖြစ်ကြောင်း ပြောပါတယ်။
Ref: Israel says two Americans held hostage by Hamas, a mother and daughter, have been released
#PeopleMedia