ဓားစာခံတွေနဲ့ပတ်သက်ပြီး ဟားမတ်စ်အဖွဲ့ကခြိမ်းခြောက်လာပြီးနောက် ဂါဇာတောင်ပိုင်းကို အစ္စရေး ပြင်းပြင်း ထန်ထန် ဗုံးကြဲ

PUBLISHED - December 12, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၂
အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ဆိုတဲ့ ဟားမတ်စ်အဖွဲ့ရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးခြင်းမရှိသရွှေ့ အစ္စရေးဓားစာခံတစ်ယောက်မှ အသက်ရှင်လျက်ပြန်လွှတ်မှာ မဟုတ်ဘူးလို့ ဟားမတ်စ်အဖွဲ့က ခြိမ်းခြောက် ပြောဆိုလိုက်ပြီးနောက် တနင်္လာနေ့ (ဒီဇင်ဘာလ ၁၁ ရက်နေ့) က အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်တောင် ပိုင်းဒေသ အဓိကမြို့ကြီးကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိစစ်ပွဲကို အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမတ်စ်အဖွဲ့က အစပျိုးတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဟားမတ်စ် တွေရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးလူမျိုး ၁,၂၀၀ သေဆုံးသွားသလို ဓားစာခံ ၂၄၀ ဝန်းကျင်ကိုလည်း ဂါဇာဒေ သကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
အစ္စရေးဘက်ကလည်း စစ်ရေးအရ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်တို်က်ခိုက်ခဲ့ရာ ဂါဇာကမ်းမြောင်ဒေသမှာ အ မျိုးသမီးနဲ့ ကလေးသူငယ်အများစုပါဝင်တဲ့ ပါလက်စတိုင်းလူမျိုး ၁၇,၉၉၇ ဦး သေဆုံးခဲ့ပြီလို့ဆိုပါတယ်။
အစ္စရေးစစ်သားတွေ မြေအောက်လိုဏ်ခေါင်းတစ်ခု လိုက်ရှာနေတဲ့ အိမ်တစ်အိမ်ကို ဖောက်ခွဲလိုက်ကြောင်း ပါ လက်စတိုင်းစစ်သွေးကြွ အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့က ပြောကြားလိုက်စဉ်အတွင်မှာပဲ အစ္စရေးဘက်ကလည်း တနင်္လာနေ့မှာ ခန်းယူနစ်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း AFP သတင်းထောက်ကပြောပါတယ်။
တနင်္လာနေ့က ဂါဇာဒေသထဲကနေ အစ္စရေးနိုင်ငံထဲကို ရော့ကက်တွေနဲ့ ပစ်ခတ်ခဲ့သလို တနင်္ဂနွေနေ့ကလည်း ဂါဇာမြို့နဲ့ ခန်းယူနစ်မြို့ တစ်ဝိုက်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ရဲ့တောင်းဆိုချက်ကို ပြည့်ဝအောင်မဖြည့်ဆည်းပေးဘဲ အကျဉ်းသားလဲလှယ်မှုမလုပ်ဘဲနဲ့ အစ္စရေးအနေနဲ့ ၎င်းတို့ရဲ့အကျဉ်းသားတွေကို အသက်ရှင်လျက် ပြန်လည်ရရှိမှာမဟုတ်ဘူးလို့ ဟားမတ်စ်အဖွဲ့ က တနင်္ဂနွေနေ့က သတိပေးလိုက်ပါတယ်။
အစ္စရေးအကျဉ်းထောင်ထဲမှာ ပါလက်စတိုင်းအကျဉ်းသား ၇၀၀၀ ဝန်းကျင် ရှိနေတယ်လို့ တက်ကြွလှုပ်ရှားသူ တွေက ပြောသလို ဂါဇာဒေသမှာ ဓားစာခံ ၁၃၇ ဦး ကျန်သေးတယ်လို့ အစ္စရေးဘက်က ပြောပါတယ်။
လပေါင်းများစွာ လေကြောင်းကနေ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဂါဇာဒေသရဲ့ ကျန်းမာရေး စနစ်တစ်ခုလုံး ပြိုလဲခဲ့ပြီး ဆေးရုံအများစုဟာ အလုပ်မလုပ်နိုင်တော့သလို လူဦးရေ နှစ်သန်းနီးပါးဟာလည်း အိုး အိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
အစ္စရေးတပ်တွေ ပြီးခဲ့တဲ့လက ဂါဇာမြို့က အယ်လ်ရှီဖာဆေးရုံကြီးကို ဝင်ရောက်စီးနင်းပြီးနောက် ဗုံးဒဏ်ခံထား ရလို့ အပျက်အစီးတွေပုံနေတဲ့ အဲဒီဆေးရုံကြီးမှာ လူဦးရေ ၃၀၀၀၀ ခိုလှုံနေတာကို AFP သတင်းထောက်တွေက တွေ့ခဲ့ပါတယ်။
“ကျွန်တော်တို့ဘဝကတော့ အရှင်လတ်လတ် ငရဲရောက်နေတာပါပဲ။ မီးမရှိဘူး၊ ရေမရှိဘူး၊ ဂျုံမရှိဘူး၊ ပေါင်မုန့် မရှိဘူး၊ နေမကောင်းတဲ့ကလေးတွေအတွက် ဆေးဝါးမရှိဘူး။” လို့ ဇနီး၊ ကလေးသုံးယောက်နဲ့အတူ ထွက်ပြေး လာတဲ့ အသက် ၃၈ နှစ်အရွယ် မိုဟာမက်ဒါလတ်က ပြောပါတယ်။
ပါလက်စတိုင်းအရပ်သားတွေကို ဂါဇာဒေသတောင်ပိုင်းမှာ ခိုလှုံဖို့ အစ္စရေးတပ်တွေက တိုက်တွန်းထားပေမဲ့ စစ်ပွဲပိုမိုကျယ်ပြန့်လာပြီး တောင်ပိုင်းကပစ်မှတ်တွေကိုပါ တိုက်ခိုက်လာတဲ့အတွက် အရပ်သားတွေအတွက် ခိုလှုံစရာနေရာ အလွန်ရှားပါးလာတယ်လို့ဆိုပါတယ်။
စစ်ပွဲအတွင်း အရပ်သားတွေကို ပိုမိုအကာအကွယ်ပေးဖို့ အစ္စရေးနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအဖွဲ့ တွေက ဆက်လက်ဖိအားပေးတောင်းဆိုထားပါတယ်။
Ref: Israel bombs south Gaza after Hamas hostage threat
#PeopleMedia