ဓားစာခံတွေရှာဖွေရေးအထောက်အကူဖြစ်စေဖို့ ဂါဇာဒေသကို Reaper ဒရုန်းတွေစေလွှတ်ထားကြောင်း အမေရိကန်အတည်ပြုပြောကြား

PUBLISHED - November 7, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၇
ဟားမတ်စ်စစ်သွေးကြွတွေဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လည်ကယ်ဆယ်ရေးမှာ အထောက်အကူဖြစ်စေဖို့ အတွက် အမေရိကန်စစ်တပ်က ဂါဇာကမ်းမြောင်ဒေသမှာ MQ-9 Reaper ဒရုန်းတွေစေလွှတ်ထားပြီး သတင်း တွေ စုံစမ်းထောက်လှမ်းနေကြောင်း ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုပြောကြားလိုက်ပါတယ်။
ပါလက်စတိုင်းနယ်မြေပေါ်မှာ အမည်မသိလေယာဉ်တွေ ပျံသန်းနေကြောင်း အရပ်ဘက်လေယာဉ်ခြေရာခံ ဆော့ဖ်ဝဲလ် (open-source flight trackers) တွေက ခြေရာခံမိတဲ့အချိန်မှာ အခုလို အမေရိကန်စစ်ဌာနချုပ်က အတည်ပြုပြောကြားလိုက်တာ ဖြစ်ပါတယ်။
“အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်စစ်သွေးကြွတွေ အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ အဲဒီ မောင်းသူမဲ့လေယာဉ်တွေ စတင်ပျံသန်းခဲ့တာဖြစ်ပါတယ်။” လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ထုတ်ပြန်ချက်ကို ကိုး ကားပြီး BBC သတင်းဌာနက ပြောပါတယ်။
ဒီကြိုးပမ်းဆောင်ရွက်မှုဟာ ဖမ်းဆီးခံထားရတဲ့ဓားစာခံ ၂၄၀ လုံး လွတ်မြောက်ဖို့အတွက် ရည်ရွယ်ဆောင်ရွက် နေတာလား၊ အမေရိကန်ဓားစာခံတွေလွတ်မြောက်ဖို့ပဲ ရည်ရွယ်ဆောင်ရွက်နေတာလားဆိုတာကိုတော့ သဲသဲ ကွဲကွဲ မသိရဘူးလို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးရဲ့စကားကို ကိုးကားပြီး ABC သတင်းဌာနက ပြောပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်အဖွဲ့တွေ အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အစ္စရေးလူမျိုး အများအပြားသေဆုံးခဲ့သလို ဓားစာခံတွေအဖြစ် ဖမ်းဆီးခံရပြီးနောက် အစ္စရေးနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိ ကန်နိုင်ငံသား ဆယ်ဦးဟာလည်း ပျောက်ဆုံးစာရင်းထဲပါဝင်နေပါတယ်။
ဒီမောင်းသူမဲ့လေယာဉ်တွေနဲ့ သတင်းထောက်လှမ်းမှုတွေ လုပ်ဆောင်နေတာဟာ စီမံရေးနဲ့ ထောက်လှမ်းရေး အထောက်အကူအတွက် အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေမှုအပါအဝင် ဓားစာခံတွေကိုရှာဖွေရာမှာ အစ္စရေးကိုအထောက်အကူပြုနိုင်ဖို့အတွက် အမေရိကန်နိုင်ငံရဲ့ကြိုးပမ်းမှုတွေထဲက အစိတ်အပိုင်းတစ်ရပ်ဖြစ် နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
“အမေရိကန်နိုင်ငံဟာ ဂါဇာဒေသမှာ မောင်းသူမဲ့လေယာဉ်တွေနဲ့ သတင်းတွေထောက်လှမ်းနေတသလို အစ္စ ရေးတပ်မတော်က ဓားစာခံတွေပြန်လည်ကယ်ဆယ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေချိန်မှာ အစ္စရေး တွေကို အကြံဉာဏ်/အထောက်အကူတွေ ပေးနေတာဖြစ်ပါတယ်။” လို့ ပင်တဂွန်က ပြောပါတယ်။
နာရီပေါင်း ၂၀ တောက်လျှောက်ပျံသန်းနိုင်ပြီး ရုပ်သံကြည်လင်မှုအားကောင်းတဲ့ ဗီဒီယိုကင်မရာနဲ့ အနီအောက် ရောင်ခြည်သုံးကင်မရာတွေတပ်ဆင်ထားတဲ့ MQ-9 Reaper ဒရုန်းဟာ အဓိကအားဖြင့် စောင့်ကြည့်ထောက် လှမ်းရေးတာဝန်တွေထမ်းဆောင်ဖို့ အသုံးပြုတာဖြစ်ပါတယ်။
Reaper ဒရုန်းရဲ့ အာရုံခံကိရိယာတွေ (ဆင်ဆာတွေ) ဟာ ဆဲလ်ဖုန်းတွေကို ဆက်သွယ်ရေးပစ္စည်းတွေနဲ့ ဆက် နွယ်တဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေကိုလည်း ပံ့ပိုးပေးနိုင်ပါတယ်။
ဒါ့အပြင် Reaper ဒရုန်းမှာ ဟဲလ်ဖိုင်းယားဒုံးကျည် (Hellfire missiles) ၈ စင်းအထိလည်း တပ်ဆင်ထားနိုင်ပါ တယ်။
တပြိုင်တည်းမှာပဲ စီအိုင်အေညွှန်ကြားရေးမှူး ဝီလျံဘန်းစ်ဟာ အရှေ့အလယ်ပိုင်းဒေသတွင်း ခရီးစဉ်မှာ ပထမ ဦးဆုံးတစ်ထောက်နားခရီးစဉ်အဖြစ် တနင်္ဂနွေနေ့က အစ္စရေးနိုင်ငံကို ရောက်ရှိလာပါတယ်။
အမေရိကန်နဲ့ အစ္စရေးနိုင်ငံကြား ထောက်လှမ်းရေးသတင်းအချက်အလက်တွေ အပြန်အလှန်ဖလှယ်မှုကို အရှိန်မြှင့်ဆောင်ရွက်ခြင်းအားဖြင့် ဓားစာခံတွေဖမ်းဆီးထိန်းချုပ်ထားတဲ့နေရာကို ရှာဖွေတာနဲ့ ဟားမတ်စ်တိုက် ခိုက်မှုကို ခြေရာခံတဲ့နေရာမှာ အထောက်အကူဖြစ်နိုင်ရေးဟာ စီအိုင်အေညွှန်ကြားရေးမှူးခရီးစဉ်ရဲ့ရည်ရွယ် ချက်တွေထဲက ရည်ရွယ်ချက်တစ်ခုဖြစ်ကြောင်း New York Times က ရေးသားထားပါတယ်။
Ref: US Confirms Reaper Flights over Gaza in Search of Hostages
#PeopleMedia