နစကဥက္ကဋ္ဌက သီရိလင်္ကာနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ၊ ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များဆွေးနွေး
PUBLISHED - March 6, 2024
နေပြည်တော်၊ မတ် ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J.M.J.P. Bandara အား ယမန် နေ့က နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ဘာသာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက် ရှိမှုအခြေအနေများ၊ ခရီးသွားလုပ်ငန်းများတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြားကုန်သွယ်မှုများမြှင့်တင်ရေးနှင့် ရင်းနှီးမြုပ်နှံမှုများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ် များ၊ ပညာရေးဆိုင်ရာများတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေ များကိုဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။
#PeopleMedia