နစကဥက္ကဋ္ဌနှင့် UNOCHA ၏ အကြီးအကဲ Mr.Martin Griffiths တို့ လူသားချင်းစာနာထောက်ထားမှုအကူ အညီပေးရေးဆိုင်ရာကိစ္စရပ်များ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများဆွေးနွေး
PUBLISHED - August 16, 2023
နေပြည်တော်၊ သြဂုတ် ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Under Secretary General Mr.Martin Griffiths ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေ များ၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုက ရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်အနေဖြင့်ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ခဲ့မှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီအနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက် လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးဆောင်ရွက်နေမှုနှင့် တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်ရန်လိုအပ်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့်ပတ်သက်၍ နိုင်ငံတကာတွင် သတင်းမှားများ ပြန့်နှံ့လျက်ရှိမှုနှင့် နိုင်ငံတကာမှ မြန်မာ နိုင်ငံနှင့်ပတ်သက်၍ အခြေအနေမှန်များကိုသိရှိရန် လိုအပ်လျက် ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားချိန်နှင့် မိုခါမုန်တိုင်း ဖြစ်ပွားချိန်တို့၌ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီပေးမှုများ နည်းပါးခဲ့မှုအခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိ ရသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲ ဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဦး ကိုကိုလှိုင်၊ ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကုလသမဂ္ဂလူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) ၏ ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများ တက် ရောက်ကြသည်။
#PeopleMedia