နစကဥက္ကဋ္ဌ ဥရောပအာရှစီးပွားရေးကော်မရှင်အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီး ကုန်ပစ္စည်းများအပြန်အလှန်တင်ပို့ရေးဆိုင်ရာကိစ္စရပ်များဆွေးနွေး
PUBLISHED - April 11, 2024
နေပြည်တော်၊ ဧပြီ ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဥရောပ အာရှစီးပွားရေးကော်မရှင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H.E. Mr. Sergei GLAZEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့အကြား ကုန်ပစ္စည်းများ အပြန် အလှန်တင်ပို့ရေးဆိုင်ရာကိစ္စရပ်များနှင့် တိုက်ရိုက် ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးထုတ် ကုန်များနှင့်ပတ်သက်၍ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုက်ရိုက် လေကြောင်းပျံသန်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ရေနံထွက်ပစ္စည်းများ ထုတ်လုပ် ခြင်းနှင့် တွင်းထွက်သယံဇာတပစ္စည်းများအား အဆင့်မီကုန်ချောများအဖြစ် ထုတ်လုပ်နိုင်သည့် အခြေအနေ များ၊ အထည်အလိပ်လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက် နိုင်သည့် အခြေအနေများနှင့် မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့ အကြားအခြားနယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်နိုင် သည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် တို့တက်ရောက်ကြပြီး ဥရောပအာရှစီးပွားရေး ကော်မရှင်၊ အကြီးစား စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီးနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
#PeopleMedia