နစက၏ နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်းကို အပြည့်အဝ ထောက်ခံကြောင်း နိုင်ငံရေးပါတီ (၂၆) ပါတီမှ ပူးတွဲသဘောထားထုတ်ပြန်
PUBLISHED - September 30, 2024
နေပြည်တော်၊ စက်တင်ဘာ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်း ဖိတ်ခေါ်ခြင်းကိုအပြည့်အဝထောက်ခံအပ်ပါကြောင်း နိုင်ငံရေးပါတီ (၂၆) ပါတီ၏ ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စက်တင်ဘာလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပြဿနာအား နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်း ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်အာဏာလွှဲအပ်ရေးကို ဦးတည်ဆောင်ရွက် နေသော်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်သည့် နည်းလမ်းကို ရွေးချယ်အသုံးပြုခဲ့ကြသည့် လူပုဂ္ဂိုလ်/အဖွဲ့အစည်းများကြောင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ၊ အခြေခံအဆောက်အဦများ၊ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့်အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အဟန့်အတားဖြစ်စေခဲ့ပြီး၊ ဤကဲ့သို့ ဖြစ်ပျက်တွေ့ကြုံခံစားနေရမှုများကို ပြည်သူလူထုတစ်ရပ်လုံးက လိုလားကြခြင်းလည်း မရှိကြကြောင်း ထုတ်ပြန်ထားသည်။
မကြာမီရက်ပိုင်းကလည်း နိုင်ငံအနှံ့အပြားတွင် သဘာဝဘေးဒဏ်ကြောင့် ရေကြီးရေလျှံမှုဒဏ်ကို နှစ်ပေါင်း (၅၀/ ၁၀၀) အတွင်း အဆိုးရွားဆုံးဖြစ်စဉ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး၊ ရေဘေးဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို အလျင်အမြန်ပြန်လည် ဆောင်ရွက်နိုင်ရန် တည်ငြိမ်၊ အေးချမ်း၊ လုံခြုံမှုမှာ အထူးလိုအပ်ချက်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယခုအခါ ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းစဉ်အား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ဆောင်ရွက်တော့မည်ဖြစ်ပြီး၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းစဉ်ကြီး အဆင်ပြေအေးချမ်းစွာ ဆောင်ရွက်နိုင်ရန်လည်း လိုအပ် ကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍လည်းကောင်း၊ ရေဘေးသင့်ပြည်သူများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ပေးနိုင် ရေးအတွက်လည်းကောင်း၊ ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် အထောက်အကူပြုနိုင်မည့် သန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်းစဉ်အား တည်ငြိမ်အေးချမ်းစွာဖြင့် အချိန်မီဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ပြည်သူနှင့်အတူ လက်တွဲဆောင်ရွက်ရန် လိုအပ်ချက်အရလည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၊ အကြမ်းဖက်အဖွဲ့များအား လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကိုစွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်ဖြစ်စေ၊ ရွေးကောက်ပွဲလမ်းကြောင်းဖြင့်ဖြစ်စေ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ကမ်းလှမ်းဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း တွေ့ရှိရကြောင်း ထုတ်ပြန် ထားသည်။
သို့ပါ၍ အထက်အပိုဒ်ပါ ထုတ်ပြန်ကမ်းလှမ်းချက်သည် ပြည်သူတစ်ရပ်လုံး၏ အမှန်တကယ်လိုလားချက်အား ကိုယ်စားပြုရာရောက်သည့် နိုင်ငံတော်၏ အပြုသဘောဆောင်သော ကမ်းလှမ်းချက်ဖြစ်သောကြောင့် လည်းကောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးကို ရှေးရှုသော လိုက်နာပူးပေါင်းဆောင်ရွက်သင့် သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ရှုမြင်ပါသဖြင့် ၎င်းထုတ်ပြန်ချက်အပေါ် ကျွန်ုပ်တို့နိုင်ငံရေးပါတီများက အပြည့်အဝထောက်ခံအပ်ကြောင်း ပူးတွဲသဘောထားထုတ်ပြန်ထားသည်။
#PeopleMedia