• Follow Us on

Home နတ်သံကွင်းရဲစခန်းအား အကြမ်းဖက်သမားများလာရောက်တိုက်ခိုက်သည့်ဖြစ်စဉ်တွင် စွမ်းစွမ်းတမံပါဝင် ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

နတ်သံကွင်းရဲစခန်းအား အကြမ်းဖက်သမားများလာရောက်တိုက်ခိုက်သည့်ဖြစ်စဉ်တွင် စွမ်းစွမ်းတမံပါဝင် ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၂

 

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ နတ်သံကွင်းရဲစခန်းအား အကြမ်းဖက်သမားများ လာရောက် တိုက်ခိုက်သည့်ဖြစ်စဉ်တွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တောင်ငူလေတပ်စခန်း ဌာနချုပ်၌ ကျင်းပခဲ့သည်။

 

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်က ဂုဏ်ပြုအမှာစကားပြာကြားပြီး တပ်မတော်သား အရာရှိ၊စစ်သည်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ အရာရှိ၊ စစ်သည် နှစ်ဦးက လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ရဲတပ်ဖွဲ့ဝင် နှစ်ဦးကလည်းကောင်း အသီးသီး လက်ခံရယူကြ သည်။

 

ထို့နောက် နတ်သံကွင်းရဲစခန်းအား အကြမ်းဖက်သမားများ လာရောက်တိုက်ခိုက်သည့်ဖြစ်စဉ်တွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား နယ်မြေခံတပ်မတော် ထောက်ပံ့နှင့် ပို့ဆောင်ရေးကျောင်း ဘုရင့်နောင်ခန်းမ၌  ဂုဏ်ပြုနေ့လယ်စာ‌ဖြင့် ဧည်ခံကျွေးမွေးခဲ့ကြသည်။

 

နတ်သံကွင်းရဲစခန်းအား KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များမှ ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ပြီး သွေးတိုးစမ်း ချောင်းမြောင်းပစ်ခတ်ခြင်း၊ ၎င်းတို့အကျိုးအမြတ်ရရှိရေး အဖွဲ့ ငယ်များအား စနိုက်ပါဖြင့် လှည့်စားနှောင့်ယှက်ပစ်ခတ်ခြင်းနှင့် နတ်သံကွင်းရွာဝန်းကျင်၌ ၎င်းတို့အင်အားတိုး မြှင့်ချထား၍ ဆက်သွယ်ရေးလမ်းကြောင်းနှင့် ရိက္ခာ ဖြတ် တောက် ပိတ်ဆို့ခြင်းတို့ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလ ၂၆ ရက်မှစ၍ အကြမ်းဖက် ပူးပေါင်းအင်အား ၂၀၀ ဦးခန့်ဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်လာခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်သောင်းကျန်းသူများသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်မှ ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်ထိ ၁၃ ရက် တိုင်တိုင် စခန်းပတ်လည်နေရာတို့မှ ထိန်းချုပ်၍ ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်တိုက်ဆောင်ရွက် သော်လည်း စခန်းအတွင်းရှိ အရာရှိ၊ စစ်သည်၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရွပ်ရွပ်ချွံချွံ တန်ပြန်တိုက်ခိုက်ခဲ့မှု၊ လိုအပ်သည့် ရိက္ခာနှင့် ခဲယမ်းများအား လေကြောင်းမှ ပို့ဆောင်ပေးနိုင်ခဲ့မှု၊ ထိရောက်သည့် စစ်ကူ၊ ပစ်ကူများ ပေးနိုင်ခဲ့မှုတို့ကြောင့် အကြမ်းဖက်သမားများသည် ဇန်နဝါရီ ၇ ရက် ညနေပိုင်းတွင် အထိနာစွာဆုတ်ခွာသွား ခဲ့ပြီး ၎င်းတို့ထံမှ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post