နန်းယွန်းပန်ဆောင်လမ်းပိုင်း ပျက်ဆီးမှု ပြုပြင်နိုင်ခြင်း မရှိသေးသည့်အတွက် ညအိပ်ခရီးဖြင့် သွားလာနေရ
PUBLISHED - June 14, 2024
မြစ်ကြီးနား၊ ဇွန် ၁၄
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နှင့် ပန်ဆောင်မြို့ကြားရှိ လမ်းပိုင်း ပျက်ဆီးမှုမှာ တစ်ပတ်ကျော်လာပြီဖြစ်သော်လည်း ပြုပြင်နိုင်ခြင်း မရှိသေးသည့်အတွက် ညအိပ်ခရီးဖြင့် သွားလာနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် လောက်လိုင်ကျေးရွာနှင့် ပန် ဆောင်မြို့အဝင် ၅ မိုင်နေရာများတွင် လမ်းပြိုကျခြင်း၊ တံတားပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ ယနေ့အထိ ပြုပြင်ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်အတွက် နေ့ခြင်းပြန်သွားနိုင်သည့်ခရီးအား ညအိပ်ခရီးဖြင့် ခက်ခက်ခဲခဲ သွားလာနေရကြောင်း ခရီးသည်တစ်ဦးထံမှ သိရသည်။
“လမ်းကို ဆိုင်ကယ်သမားတွေ၊ ကားသမားတွေက ကိုယ်ထူကိုယ်ထနဲ့ သွားနိုင်ဖို့ လုပ်ကြပေမယ့် မရဘူး။ မနက်ပြင် ညနေပြန်ပျက်စီးတာပဲ။ မိုးကလည်း ရွာနေသေးတော့ အဆင်မပြေဘူး။ ပြီးတော့လည်း တစ်နေရာ ထဲပျက်တာဆို ကိစ္စမရှိဘူး။ အခုက ဆယ်နေရာလောက်ရှိတယ် လမ်းပျက်တာ။ ဆိုင်ကယ်တွေကတော့ ပစ္စည်း မပါရင် ဝိုင်းတွန်းတာမျိုးနဲ့ အချိန်ယူပြီး သွားကြတယ်။ ကားကတော့မရဘူး။ တစ်ချို့ကားသမားတွေဆို လမ်းမှာ အိပ်ရတာတွေ များတယ်” ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ လမ်းပိုင်းပျက်စီးမှုကြောင့် သွားလာရခက်ခဲသည့်အတွက် ပန်ဆောင်မြို့ရှိ ဒေသခံပြည်သူများမှာ နန်းယွန်း၊ ရှင်ဗွေယန်ဘက်မှ ကုန်ပစ္စည်းများ သယ်ယူနိုင်ခြင်းမရှိပဲ အိန္ဒိယနယ်စပ်ဘက်မှ ခက်ခဲစွာ ဝယ်ယူ စားသောက်နေရကြောင်း ပန်ဆောင်မြို့နေ ပြည်သူတစ်ဦးမှ ပြောသည်။
“နန်းယွန်း၊ ရှင်ဗွေယန်ဘက်က သယ်ယူကြတဲ့ ကုန်ပစ္စည်းတွေက အချိန်လည်းအရမ်းကြာတယ်။ ပြီးတော့ ဒီရောက်လည်း ပျက်ဆီးတာများတယ်။ လမ်းခရီးမကောင်းတော့ ဆိုင်ကယ်ဆိုလည်း ခဏခဏ လဲတာမျိုး ရှိတယ်။ ဒါကြောင့် ကုန်ပစ္စည်းအများစုကို အိန္ဒိယနယ်စပ်ဘက်က ဝယ်ယူတာများတယ်။ နယ်စပ်ကလည်း ရက်တိုင်းဖွင့်တာမဟုတ်တော့ တစ်ချို့က မှောင်ခိုလမ်းနဲ့ ခက်ခက်ခဲခဲ သွားဝယ်ရတယ်” ဟု ၎င်းကဆိုသည်။
နန်းယွန်း-ပန်ဆောင်သွားလမ်းပိုင်းရှိ လမ်းပိုင်းပျက်စီးနေသည့် ၅ မိုင်နေရာမှာ နှစ်စဉ်နှစ်တိုင်း လမ်းပြုပြင် ဆောင်ရွက်ရသော်လည်း မိုးရွာလျှင် တောင်ကျရေများသည့်အတွက် မကြာခဏဆိုသကဲ့သို့ လမ်းပိုင်းမြေ ပြိုကျခြင်း၊ ရွံနွံများဖြစ်ပေါ်ခြင်း အစရှိသည်တို့ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။
အလင်း
#PeopleMedia