နပိုလီယန်စကား ကိုးကားတဲ့ ထရမ့် “ဥပဒေအထက်မှာရှိနေတဲ့သူ” လို့ အဝေဖန်ခံနေရ

PUBLISHED - February 17, 2025
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၇
ကိုယ့်ကိုယ်ကိုယ်ခန့်ထားတဲ့ ပြင်သစ်ဧကရာဇ် နပိုလီယန်စကားကို ရည်ညွှန်းကိုးကားရေးသားခဲ့တဲ့အတွက် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကို “ဥပဒေအထက်မှာရှိနေတဲ့သူ” လို့ ပြောဆိုပြီး ဝေဖန်နေကြပါတယ်။ ထရမ့်က “သူ့တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်တဲ့သူဟာ ဘယ်ဥပဒေကိုမှ ချိုးဖောက်တာ မရှိဘူး။” ဆိုတဲ့ နပိုလီ ယန်ပြောခဲ့တဲ့စကားကို X လူမှုကွန်ရက်ပေါ်မှာ စနေနေ့ (ဖေဖော်ဝါရီ ၁၅ ရက်နေ့) က ရေးသားခဲ့တာဖြစ်ပါတယ်။
ထရမ့်ရဲ့ပို့စ်ကို ဒီမိုကရက်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ရာမှာ ကယ်လီဖိုးနီးယားပြည်နယ် အထက်လွှတ်တော်အ မတ် အဒမ်ရှစ်ဖ်က “တကယ့် အာဏာရှင်တစ်ယောက်လို ပြောဆိုခဲ့တာ။” လို့ ဝေဖန်ခဲ့ပါတယ်။
“အုပ်ချုပ်ရေးအာဏာတွေကို ထိန်းချုပ်ဖို့ တရားသူကြီးတွေကို အခွင့်အာဏာပေးမထားပါဘူး။” လို့ ပြောကြားခဲ့တဲ့ ဒုတိယသမ္မတဂျေဒီဗန့်စ်ကလည်း ဖေဖော်ဝါရီလ အစောပိုင်းက ထရမ့်လေသံအတိုင်း ပြောခဲ့ဖူးပါတယ်။
အမေရိကန်သမ္မတအဖြစ် လွန်ခဲ့တဲ့ သုံးပတ်ကျော်လောက်က အာဏာပြန်ရလာခဲ့တဲ့ ထရမ့်ဟာ ၎င်းရဲ့ အုပ်ချုပ်မှုပုံစံ ကြောင့် အဝေဖန်ခံနေရပါတယ်။
ကနေဒီစင်တာလို ယဉ်ကျေးမှုအင်စတီကျူးရှင်းတွေရဲ့ ဥက္ကအဖြစ် ထရမ့်က သူ့ကိုယ်သူ ကြေညာခဲ့တဲ့အတွက် ထရမ့် ဟာ ဒီမိုကရေစီစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းမရှိဘူးလို့ ဝေဖန်သူတွေက စွပ်စွဲပြောဆိုပါတယ်။
ထရမ့်က အစိုးရရာထူးတစ်နေရာခန့်အပ်လိုက်တဲ့ အီလွန်မတ်ဟာလည်း ကွန်ဂရက်လွှတ်တော်ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ “အတားအဆီးအကန့်အသတ်မရှိတဲ့ အခွင့်အာဏာတွေ” ကျင့်သုံးနေတယ်ဆိုပြီး ထရမ့်ရဲ့ အီလွန်မတ်ရာထူးပေးခန့် အပ်မှုကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။
“သမ္မတဟာ သူ့အခွင့်အာဏာတချို့ကို အသုံးပြုပြီး ဥပဒေချိုးဖောက်နေပါတယ်” လို့ စွပ်စွဲထားတဲ့ နယူးမက္ကဆီကိုနဲ့ ကယ်လီဖိုးနီးယားအပါအဝင် ပြည်နယ်အများအပြားကတင်ထားတဲ့တရားစွဲဆိုမှုကလည်း ထရမ့်အစိုးရကို စွဲဆိုထားတဲ့ အမှုပေါင်းများစွာထဲက တရားစွဲဆိုမှုတစ်ခုဖြစ်ပါတယ်။
ဒီကနေ့အချိန်အထိတော့ အမှုပေါင်း ၁၂ ခုထက်မနည်းတဲ့ အိမ်ဖြူတော်က ဆုံးဖြတ်ချက်တွေကို တရားသူကြီးတွေက ယာယီရပ်ဆိုင်းထားပါတယ်။
၁၈၂၁ ခုနှစ်မှာ အတ္တလန်တိတ်သမုဒ္ဒရာထဲက စိန့်ဟယ်လီနာကျွန်းပေါ်မှာ ပြည်ပြေးဘဝနဲ့ သေဆုံးသွားခဲ့တဲ့ နပိုလီယန် ဟာ ဒီကနေ့အချိန်အထိ ပြင်သစ်လူထုကို အယူအဆကွဲပြားအောင်လုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံက လူတချို့က နပိုလီယန်ကို အာဏာရှင်အဖြစ် ရှုမြင်ကြသလို တချို့ကတော့ ပြုပြင်ပြောင်းလဲသူတစ်ဦးနဲ့ အရေးကြီးတဲ့အင်စတီကျူးရှင်းတွေကို တည်ထောင်ခဲ့သူတစ်ဦးအဖြစ် သဘောထားကြပါတယ်။
Ref: Trump: ‘He who saves his Country does not violate any Law’: Yahoo News
#PeopleMedia