နမ့်ခမ်းမြို့နယ်တွင် SSPP တပ်သား ၁၂၀ ကျော်ကို TNLA မှ ဖမ်းဆီးပြီး ကားပေါ်တင်ကာ မူဆယ်ဘက် မောင်းထုတ်
PUBLISHED - May 28, 2024
နေပြည်တော်၊ မေ ၂၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်သားများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဖမ်းဆီးပြီး ကားပေါ်တင်ကာ မူဆယ်ဘက်သို့ မောင်းထုတ်လိုက်ကြောင်း သိရသည်။
မေလ (၂၇)ရက် နံနက် (၉)နာရီခန့်မှ စတင်ကာ နမ့်ခမ်းမြို့နယ် ရွှေလီမြစ်ကမ်းဘေးရှိ SSPP အဖွဲ့ တပ်စွဲ ထားသည့် ကျေးရွာများသို့ TNLA အဖွဲ့မှ ဝင်ရောက်လာပြီး ကျေးရွာများကို အင်အားသုံးပြီး ဝန်းရံပိတ်ဆို့ကာ SSPP အဖွဲ့ဝင်များကို လက်နက်ကိုင်ဆောင်ခွင့်မပြုဘဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ညနေ (၃)နာရီခန့်တွင် အဆိုပါ ဖမ်းဆီးထားသည့် SSPP အဖွဲ့ဝင်များကို ဖောကားများ၊ တွဲကား များပေါ်သို့ တင်ဆောင်ပြီး TNLA အဖွဲ့ဝင်များမှ ရှေ့နောက်မှ လက်နက်များဖြင့် ချိန်ပြီး မူဆယ်ဘက်သို့ မောင်းထုတ်လိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် SSPP အဖွဲ့ဝင်များသည် နမ့်ခမ်းမြို့နယ် နောင်မလုံ၊ နောင်ခမ်း၊ မန့်ဟောင်း၊ ကွန်ဟိုင်း စသည့် ကျေးရွာများတွင် တပ်စွဲထားသည့် အဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ၎င်းကျေးရွာများမှ SSPP အဖွဲ့ဝင်များ တပ်စွဲနေထိုင်ခဲ့သည့် စခန်းများကို TNLA အဖွဲ့ဝင်များ မှ အလံများဖြုတ်ချကာ ပိတ်ထား ကြောင်း သိရသည်။
#PeoplMedia