နယ်ချဲ့အင်အားကြီးနိုင်ငံများသည် ၎င်းတို့၏အကျိုးစီးပွားကိုသာဦးစားပေးပြီး နိုင်ငံငယ်များအပေါ်နည်းလမ်း မျိုးစုံသုံးပြီး ထိုးဖောက်ဝင်ရောက်ခြယ်လှယ်နေကြကြောင်း တပ်ချုပ်ပြောကြား
PUBLISHED - January 5, 2024
နေပြည်တော်၊ ဇန်နဝါရီ ၅
အတိတ်ကာလမှ ယနေ့ထက်တိုင် နယ်ချဲ့အင်အားကြီးနိုင်ငံများသည် ၎င်းတို့၏ အကျိုးစီးပွားကိုသာဦးစားပေး ပြီး နိုင်ငံငယ်များအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် နည်းလမ်းမျိုးစုံသုံးပြီး ထိုးဖောက်ဝင်ရောက် ခြယ်လှယ်နေကြကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့မွန်း လွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အတိတ်ကာလမှ ယနေ့ထက်တိုင် နယ်ချဲ့အင်အားကြီးနိုင်ငံများသည် ၎င်းတို့၏ အကျိုးစီးပွားကိုသာဦးစားပေးပြီး နိုင်ငံငယ်များအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် နည်း လမ်းမျိုးစုံသုံးပြီး ထိုးဖောက်ဝင်ရောက်ခြယ်လှယ်နေကြကြောင်း၊ ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် ၎င်းတို့သည် ယင်းနိုင်ငံငယ်များကို ဦးစွာ တိုင်းရင်းသားလူမျိုး အချင်းချင်းစည်းလုံးညီညွတ်မှုပျက်ပြားအောင်၊ အစိုးရနှင့် ပြည်သူ၊ ပြည်သူနှင့် တပ်မတော် ကြားသွေးကွဲသွားအောင် နည်းပညာအား၊ မီဒီယာအားများဖြင့် အရင်ဆုံး ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ကြောင့် တပ်မတော်သားများအပါအဝင် တိုင်းရင်းသား ပြည်သူများအနေဖြင့် အသိ၊ သတိနှင့် ယှဉ်ပြီး မိမိတို့နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ကြရန် လိုအပ်ကြောင်း ပြောသည်။
မိမိတို့နိုင်ငံသည် သမိုင်းကနေရရှိခဲ့သည့် အတွေ့အကြုံသင်ခန်းစာများကြောင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေ ထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ ကမ္ဘာ့နိုင်ငံများနှင့် မိတ်ဝတ်မပျက် ဆက်ဆံနေထိုင်လျက်ရှိကြောင်း၊ နိုင်ငံ တကာရေးရာကိစ္စရပ်များတွင် ဘက်လိုက် မှုမရှိဘဲ လွတ်လွတ်လပ်လပ် တရားမျှတမှုအပြည့်နှင့် ရပ်တည် နေသကဲ့သို့ လူသားအချင်းချင်း အပေါ်တွင်သာမက နိုင်ငံအချင်းချင်းအပေါ်၌ပါ တန်းတူညီတူဆက်ဆံသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုကဲ့သို့နေထိုင်သည့်တိုင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာကို သွေးတိုးစမ်းသည့် အဖျက်အမှောင့်လုပ်ရပ်များရှိခဲ့သောကြောင့် မြန်မာ့တပ်မတော်၏ အစဉ်အလာကောင်းများနှင့်အညီ ပြန်လည်ချေမှုန်းခဲ့ရသည့် သမိုင်းဝင် တိုက်ပွဲပေါင်းများစွာလည်း ရှိခဲ့ပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် “ရဲသော် မသေ သေသော်ငရဲမလား” ဟူသည့် ခံယူချက်ကို ရင်ဝယ်ပိုက်ပြီး တုံးတိုက်တိုက်၊ ကျား ကိုက်ကိုက်စိတ်မျိုးဖြင့် တိုက်ပွဲဝင်ခဲ့ကြသူများသည် စစ်မှန်သည့် အာဇာနည်သူရဲကောင်း များဖြစ်ကြပြီး မြန်မာ့သမိုင်းမှတ်တမ်းတွင် မော်ကွန်းထိုးထားဆဲဖြစ်ကြောင်း၊ ထိုကဲ့သို့ မျိုးချစ်တပ်မတော်သား သူရဲကောင်းများ၏ အမည်နာမများသည် ဘယ်သောအခါမှ တိမ်မြုပ်ပျောက်ကွယ်သွား မှာမဟုတ်ဘဲ ခေတ်အဆက်ဆက်သမိုင်းစဉ်ဆက် ထာဝရ မွှေးပျံ့နေမည်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း ပြောသည်။
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရာတွင် သူရဲကောင်းမှတ်တမ်း ဝင်တံဆိပ်ရရှိသူ ၂၅ ဦး၊ ရဲသူရတံဆိပ်ရရှိသူ ၉ ဦး၊ ရဲဗလတံဆိပ်ရရှိသူ ၉၉ ဦး၊ စီမံထူးချွန် တံဆိပ်(ပထမ)ဆင့် ရရှိသူ ၁၄ဦး၊ စီမံထူးချွန်တံဆိပ်(ဒုတိယ)ဆင့်ရရှိသူ ၂၈ဦး၊ စီမံထူးချွန် တံဆိပ်(တတိယ)ဆင့်ရရှိသူ ၃၄ဦး၊ လူမှုထူးချွန်တံဆိပ်(ပထမ)ဆင့် ရရှိသူ ၃ဦး၊ လူမှုထူးချွန်တံဆိပ်(ဒုတိယ)ဆင့်ရရှိသူ ၆ဦး၊ လူမှုထူးချွန် တံဆိပ် (တတိယ)ဆင့်ရရှိသူ ၃ဦး၊ နည်းပညာထူးချွန်တံဆိပ်(ပထမ)ဆင့် ရရှိသူ ၅ဦး၊ နည်းပညာထူးချွန်တံဆိပ် (ဒုတိယ) ဆင့်ရရှိသူ ၁၀ဦး၊ နည်းပညာထူးချွန်တံဆိပ် (တတိယ) ဆင့်ရရှိသူ ၃၃ဦး၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၁၁၁ဦး၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၄၈၀ ဦးတို့ကို သက်ဆိုင်ရာတိုင်းမှူးများက တစ်ချိန်တည်း တစ်ပြိုင်တည်း ချီးမြှင့် အပ်နှင်းခဲ့ ကြောင်း သိရသည်။
#PeopleMedia