နယ်စပ်မှာ တပ်တွေစုဝေးနေတဲ့ ဘယ်လာရုစ်ကို ရန်လိုတဲ့အပြုအမူတွေ မလုပ်ဖို့ ယူကရိန်းသတိပေး
PUBLISHED - August 27, 2024
နိုင်ငံတကာ၊ သြဂုတ် ၂၇
ရုရှားရဲ့မဟာမိတ်ဖြစ်တဲ့ ဘယ်လာရုစ်နိုင်ငံဟာ နယ်စပ်ဒေသမှာတပ်တွေစုဖွဲ့နေတဲ့အတွက် အဲဒီလို ရန်လိုတဲ့ အပြုအမူမျိုး မလုပ်ဖို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ (သြဂုတ်လ ၂၅ ရက်နေ့) က ကြေညာ ချက်တစ်စောင် ထုတ်ပြန်သတိပေးလိုက်ပါတယ်။
ယူကရိန်းတပ်တွေက ရုရှားပိုင်နက် ကာ့စ်ခ်ဒေသထဲကို တပ်မံထိုးဖောက်ဝင်ရောက်နေသလို ရုရှားတပ်တွေက လည်း ယူကရိန်းအရှေ့ပိုင်းဒေသကို ဆက်လက်ချီတက်တိုက်ခိုက်နေစဉ်မှာ အခုလို ကြေညာချက်ထွက်ပေါ်လာ ခဲ့တာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့အချိန်မှာ ဘယ်လာရုစ်နို်င်ငံ ဟာ ၎င်းတို့နယ်မြေကို ရုရှားရဲ့ စစ်ဆင်ရေးစတင်ရာ ခြေကုပ်နယ်မြေတစ်ခုအဖြစ် ရုရှားတပ်တွေကိုအသုံးပြုခွင့် ပေးခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ယူကရိန်း နိုင်ငံမြောက်ပိုင်းနယ်စပ်အနီးက ဂိုမယ်လ်ဒေသမှာ အင်အားအလွန်များပြားတဲ့ ဘယ်လာရုစ်တပ်တွေ စုဖွဲ့နေတယ်ဆိုတာ ယူကရိန်းထောက်လှမ်းရေးအဖွဲ့က မှတ် တမ်းတင်ထားကြောင်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
“မော်စကိုအစိုးရရဲ့ ဖိအားပေးမှုကြောင့် မိမိတို့နိုင်ငံအတွက် ကြီးမားတဲ့အမှားအယွင်းတွေမလုပ်ဖို့ ဘယ်လာရုစ် အာဏာပိုင်တွေကို ကျွန်တော်တို့ သတိပေးပါတယ်။ ဘယ်လာရုစ်တပ်မတော်အနေနဲ့လည်း ရန်လိုတဲ့အပြုအမူ တွေကို ရပ်ဆိုင်းပြီး ယူကရိန်းနယ်စပ်ဒေသကနေ ပြန်လည်ဆုတ်ခွာသွားဖို့ တိုက်တွန်းပါတယ်။” လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
ဘယ်လာရုစ်နိုင်ငံဟာ ယူကရိန်းနယ်စပ်မှာ စစ်လက်နက်ပစ္စည်းတွေ လာရောက်စုပုံထားသလို ဝဂ္ဂနာတပ်ဖွဲ့ဝင် တွေကိုပါ စေလွှတ်ထားကြောင်း၊ အဲဒီဝဂ္ဂနာတပ်ဖွဲ့ဝင်တွေထဲက တချို့ဟာ ပြီးခဲ့တဲ့နှစ်က ရုရှားမှာသူပုန်ထတုန်း က ဘယ်လာရုစ်နိုင်ငံက လက်ခံထားခဲ့တဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း ယူကရိန်းက ပြောပါတယ်။
ဘယ်လာရုစ်တပ်တွေလေ့ကျင့်တဲ့နေရာဟာ ကမ္ဘာ့အဆိုးရွားဆုံး နျူကလီးယားယိုစိမ့်မှုကြီးဖြစ်ပွားခဲ့ဖူးတဲ့ ချာနို ဘိုင်းလ်နျူကလီးယားဓာတ်အားပေးစက်ရုံနဲ့ နီးကပ်နေတဲ့အတွက် အခုလို နယ်စပ်ဒေသမှာ စစ်ရေးလေ့ကျင့် တာဟာ “နိုင်ငံတကာ ခြိမ်းခြောက်မှုတစ်ရပ်” ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။
“ယူကရိန်းနိုင်ငံအနေနဲ့ ဘယ်လာရုစ်ပြည်သူတွေကို ဆန့်ကျင်ပြီး ထိခိုက်နစ်နာစေတဲ့အပြုအမူမျိုး ဘယ်တုန်း ကမှ မလုပ်ခဲ့သလို ရှေ့လျှောက်လည်း လုပ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ အလေးထားပြောကြားလိုပါ တယ်။” လို့ နိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဘယ်လာရုစ်နိုင်ငံကို ၁၉၉၄ ခုနှစ်ကတည်းက သမ္မတအလက်ဇန္ဒားလူကာရှန်ကိုက အုပ်ချုပ်လာခဲ့တာဖြစ်ပါ တယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရုရှားတပ်တွေက ယူကရိန်းနိုင်ငံကို မကျူးကျော်ခင် အဲဒီရုရှားတပ်တွေကို စစ်ရေးလေ့ကျင့်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘယ်လာရုစ်နိုင်ငံထဲမှာ တပ်ဖြန့်ချထားဖို့ အလက်ဇန္ဒားလူကာ ရှန် ကိုက ခွင့်ပြုခဲ့ပါတယ်။
Ref: Kyiv Says Belarus ‘Concentrating’ Troops on Border, Warns Against ‘Unfriendly Actions’
#PeopleMedia