နိုက်ကလပ်တက်သော လွှတ်တော်အမတ်များကြောင့် ဂျပန်ဝန်ကြီးချုပ် ဆူဂါ တောင်းပန်ရ

PUBLISHED - January 29, 2021
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုတားဆီးရန် ပြည်သူများအနေဖြင့် မလိုလားအပ်သော အပြင်ထွက်လည်ပတ်မှု မ ပြုလုပ်ကြရန် အစိုးရက တောင်းဆိုနေလင့်ကစား အာဏာရပါတီမှ လွှတ်တော်အမတ်အချို့ နိုက်ကလပ်များ သွားရောက်မှုကြောင့် ဂျပန်ဝန်ကြီးချုပ် ဆူဂါက ယနေ့ တောင်းပန်လိုက်သည်။
ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ စိတ်ပျက်ဖွယ်ရာရလဒ်ကြောင့် လူထုထောက်ခံမှု ကျဆင်းနေ သည့် ဝန်ကြီးချုပ် ဆူဂါအတွက် လွှတ်တော်အမတ်များ နိုက်ကလပ်တက်သည့်သတင်းက ခေါင်းကိုက်စရာ ဖြစ်လာခဲ့သည်။
“ပြည်သူတွေကို ည ၈ နာရီထိုးပြီးရင် အပြင်ထွက်ပြီး စားသောက်မှုမပြုလုပ်ဖို့၊ မလိုအပ်တဲ့ အပြင်ထွက်မှု ရှောင်ရှားဖို့ ကျွန်တော်တို့ တောင်းဆိုနေချိန်မှာ ဒီသတင်းကြောင့် ကျွန်တော် အလွန်ပဲ စိတ်ပျက်မိပါတယ်” ဟု ၎င်းက လွှတ်တော်သို့ ပြောကြားခဲ့သည်။
“လွှတ်တော်အမတ်တိုင်းက ပြည်သူလူထုရဲ့ နားလည်မှုရရှိဖို့ ပြုမူဆောင်ရွက်သင့်ပါတယ်” ဟု ၎င်းက ပြော သည်။
ဂျပန်နိုင်ငံက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ထိန်းချုပ်ရန် ယခုလအတွင်း တိုကျိုနှင့် အခြားဒေသများ၌ အရေး ပေါ်အခြေအနေ ထုတ်ပြန်ခဲ့သည်။
စီမံချက်အရ စားသောက်ဆိုင်များ၊ ဘားများက ည ၈ နာရီ နောက်ဆုံးထား၍ ပိတ်သိမ်းရမည်ဖြစ်သည်။
“ပြည်သူတွေ သည်းခံမှုကျင့်သုံးဖို့ တောင်းဆိုနေရချိန်မှာ လွှတ်တော်အမတ်အချို့ရဲ့ လုပ်ရပ်က သတိမမူသလိုဖြစ် နေပါတယ်”ဟု သူကဆိုသည်။
အီတလီစားသောက်ဆိုင်တစ်ဆိုင်၌ ညစာ စားသုံးပြီးနောက် တိုကျိုမြို့ ဂင်ဇာအရပ်ရှိ နိုက်ကလပ်တစ်ခုသို့ သွားရောက်ခဲ့ကြောင်း လွှတ်တော်အမတ် မတ်ဆုမိုတိုက ပြောသည်။
အလားတူ လွှတ်တော်အမတ် တိုယာမာက ဂင်ဇာအရပ် အထပ်မြင့်အဆောက်အအုံတစ်လုံးရှိ နိုက်က လပ်တစ်ခုသို့ သွားရောက်ခဲ့ကြောင်း အတင်းအဖျင်းစာစောင် ရှုကန်ဘွန်ရွှန်က ဖော်ပြခဲ့ရာ ၎င်းက တောင်းပန်ခဲ့ သည်။
လွှတ်တော်အမတ်များ နိုက်ကလပ်သို့ သွားရောက်မှုနှင့်ပတ်သက်၍ ပြည်သူလူထု၏ အမျက်ဒေါသ မပေါက်ကွဲ မီ ရာထူးမှနှုတ်ထွက်သင့်ကြောင်း လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ပြောသည်။
ကိုးကား – ရိုက်တာ
Ref; Japan PM apologises after lawmakers’ night club outings
#PeopleMedia
(unicode)
……………………………………………..
Ref; Japan PM apologises after lawmakers’ night club outings