နိုင်ငံသားစိစစ်ရေးကတ်ပြားကို အပို ရယူကိုင်ဆောင်ခြင်း၊ အတုပြုလုပ်ကိုင်ဆောင်ခြင်း ပြုလုပ်ကိုင်ဆောင်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း လ-ဝ-က ဝန်ကြီး ပြောဆို

PUBLISHED - December 5, 2021
နေပြည်တော်၊ ဒီဇင်ဘာ ၅ (People Media)
နိုင်ငံသားစိစစ်ရေးကတ်ပြားကို အပို ရယူကိုင်ဆောင်ခြင်း၊ အတုပြုလုပ်ကိုင်ဆောင်ခြင်း မပြုလုပ်ကြရန်နှင့် ယင်းကဲ့သို့ ပြုလုပ်ကိုင်ဆောင်ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်ဖြစ်ပါကြောင်း လ-ဝ-က ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။
ဒီဇင်ဘာ ၄ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ကင်မွန်းတန်းကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း (၅၆၃) စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၁၂၃) ကတ် ထုတ်ပေးသည့်အခမ်းအနား၌ လ-ဝ-ကဝန်ကြီးက အထက်ပါ အတိုင်းပြောဆိုလိုက်တာဖြစ်ပါတယ်။
လ-ဝ-က ဝန်ကြီးက နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် လူမှုဘဝပြည့်စုံနိုင်ရန် မရှိ မဖြစ်လိုအပ်သည့် အထောက်အထားတစ်ခုဖြစ်ပါကြောင်း၊ နောင်လာမည့် ရွေးကောက်ပွဲများတွင်လည်း နိုင်ငံ သားအဖြစ် အသိအမှတ်ပြုသက်သေခံ အထောက်အထား ကတ်ပြားတစ်ခုခု ကိုင်ဆောင်မဲပေးရမည်ဖြစ် သည့်အတွက် နိုင်ငံသားအားလုံးသည် ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ရရှိထားရန်လိုအပ်ပါကြောင်း ပြောပါတယ်။
အလားတူ မိမိတို့နိုင်ငံ၏ နိုင်ငံသားဖြစ်မှုသည် သွေးချင်းဆက်စပ်မှုအပေါ် မူတည်ဆုံးဖြတ်သည့် နိုင်ငံဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံ၏နိုင်ငံသား တစ်ဦးသည်နှစ်နိုင်ငံသား အဖြစ်ခံယူခွင့်မရှိ၊ နိုင်ငံသားတစ်ဦးသည် အခြား နိုင်ငံ၏သက်သေခံ အထောက်အထားတစ်ခုခု ရယူကိုင်ဆောင်လိုက်သည်နှင့် မိမိနိုင်ငံသားအဖြစ်ဆုံးရှုံးသွားပြီ ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားလိုပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုလည်းအပို ရယူ ကိုင်ဆောင်ခြင်း၊ အတုပြုလုပ်ကိုင်ဆောင်ခြင်း မပြုလုပ်ကြရန်နှင့် ယင်းကဲ့သို့ပြုလုပ်ကိုင်ဆောင်ပါက တည်ဆဲ ဥပဒေများအရ အရေးယူခြင်းခံရမည်ဖြစ်ပါကြောင်း လ-ဝ-က ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
#PeopleMedia #လဝက
(unicode)
…………………………………………………………