“နိုင်ငံရေးဩဇာ၊ ပုဂ္ဂိုလ်ရေးဩဇာမရှိတဲ့ လူတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ CRPH၊ NUG၊ PDF အဖွဲ့ဟာ အာဏာ ရယူရေးတစ်ခုထဲကလွဲလို့ နိုင်ငံရေးရည်မှန်းချက်လည်းမရှိ၊ နိုင်ငံရေးလမ်းစဉ်လည်းမရှိတဲ့ ဒီလိုအဖွဲ့မျိုးဟာ မကြာတော့တဲ့အချိန်မှာ ကြေပြုန်းပျက်စီးသွားမယ်”လို့ ရေးသားသည့် ကရင့်တော်လှန်ရေးခေါင်းဆောင်လည်း ဖြစ် န-စ-က ကောင်စီဝင်လည်းဖြစ်တဲ့ ဗဒိုမန်းငြိမ်းမောင်
PUBLISHED - July 31, 2021
အဆိုပါဆောင်းပါးသည် People Media သတင်းဌာန အာဘော်မဟုတ်ဘဲ ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။
ဆောင်းပါးအပြည်အစုံမှာ
မြန်မာပြည်ရဲ့ နိုင်ငံရေးမိုးသက်လေပြင်းများ
………………………………….
ရှေးသရောအခါ ပြည်မြန်မာဝယ် ဒီစကားလေးနဲ့စလိုက်ချင်ပါတယ်။ မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့အတူ နိုင်ငံရေးမိုးသက်လေပြင်းတွေက တွဲပြီးပါလာတယ်။ လွတ်လပ်ရေးရခါစ ၁၉၄၈-၁၉၄၉ အချိန်ကဆိုရင် နိုင်ငံရေးမိုးသက်လေပြင်းတင်မကဘူး နိုင်ငံရေးမုန်တိုင်းတွေပါ ကြမ်းကြမ်းတမ်းတမ်း တိုက်ခတ်တာခံခဲ့ရတယ်။ နိုင်ငံရေးလေပြေလေညှင်းတွေကတော့ ခဏတဖြုတ်တာ တိုတောင်းတဲ့ကာလလေးတွေမှာဘဲ တိုက်ခတ်ခြင်း ကိုခံခဲ့ရတယ်။
စာရေးသူကိုယ်တိုင် နိုင်ငံရေးမိုးသက်လေပြင်းထဲမှာ နှစ်ပေါင်း(၅၀)ကျော်ကြာ ဖြတ်သန်းလျှောက်လှမ်းခဲ့ရတဲ့ အတွေ့အကြုံအချို့ကို ပြန်လည်ပြီးတော့ မျှဝေချင်တဲ့ဆန္ဒတွေပေါ်လာပါတယ်။ အထူးသဖြင့်တော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကစပြီးတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအချိုးအကွေ့တစ်ခုကို ရောက်ရှိလာတဲ့ အချိန်မှာတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးမိုးသက်လေပြင်းတွေဟာ ပိုမိုပြင်းထန်ကြမ်းတမ်းစွာ တိုက်ခတ်လာပြန် တယ်။
ဒီဖြစ်စဉ်တွေအပေါ်မှာ ကြည့်ပြီးတော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀) ကျော်က ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ် အပျက်တချို့ကို ပြန်ပြီးမြင်ယောင်လာတယ်။ ၁၉၇၀ ခုနှစ်ဝန်းကျင်တစ်ဝိုက်မှာ ဝန်ကြီးချုပ်ဟောင်းဦးနုဟာ တိုင်းရင်းသားဒေသတွေကို ထွက်သွားပြီးတော့ ပါလီမန်ဒီမိုကရေစီပါတီကို တည်ထောင်ပြီးတော့ အာဏာပြန်ရ ရှိရေးအတွက် လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်းဦးနုရဲ့ ပါလီမန်ဒီမိုကရေစီပါတီဟာ ခေါင်းဆောင်မှုအပိုင်းမှာ အတော်အားကောင်းခဲ့ပါတယ်။
ဦးနုနဲ့အတူ ရဲဘော်သုံးကျိပ်ဝင်များဖြစ်ကြတဲ့ ဗိုလ်မှူးအောင်၊ ဗိုလ်လက်ယျာ၊ ဗိုလ်စြင်္ကာ၊ ဗိုလ်ရန်နိုင်၊ ရဲဘော်သုံးကျိပ်ဝင်လေးဦး၊ လေတပ်ဦးစီးချုပ်ဟောင်း တီကလစ်၊ လွတ်လပ်ရေးရခါစ တပ်မတော်ဒု-ကာ ကွယ်ရေးဦးစီးချုပ်ဟောင်း စောကြာဒိုး စတဲ့ပုဂ္ဂိုလ်ကြီးများ ပါဝင်ခဲ့ကြပါတယ်။ တိုင်းပြည်ကို နိုင်ငံရေးအရရော စစ်ရေးအရရော ခေါင်းဆောင်ခဲ့တဲ့ အတွေ့အကြုံကြီးမားကြတဲ့ပုဂ္ဂိုလ်တွေ ပါဝင်ခဲ့ကြပါတယ်။
ပါလီမန်ဒီမိုကရေစီပါတီဟာ နိုင်ငံရေးအရှိန်အဝါ အတော်လေးကြီးမားခဲ့ပါတယ်။ အင်အားလည်း တောင့်တင်း ခဲ့ပါတယ်။ အနောက်နိုင်ငံက အကူအညီတွေလည်း အတော်ရခဲ့ပါတယ်။ ပါလီမန်ဒီမိုကရေစီပါတီကို အတို ကောက်(PDP) လို့ အခေါ်များပါတယ်။
PDP တပ်ဖွဲ့မှာ လက်နက်တပ်ဆင်မှုမှာ အတော့်ကိုခေတ်မီပါတယ်။ ဗီယက်နမ်စစ်ပွဲက အရှိန်ပြင်းနေတဲ့အချိန် ဖြစ်တဲ့အတွက် လက်နက်တွေဟာ အလွယ်တကူဝယ်ယူ တပ်ဆင်လို့ရပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့တွေမှာ ဒုတိယကမ္ဘာစစ်လက်ကျန် ဘရင်းဂမ်း၊ စတင်းခမ်း၊ ကာဘိုင်၊ ရိုင်ဖယ်တွေဘဲကိုင်ဆောင်နေရတဲ့အချိန်မှာ PDP တပ်ဖွဲ့တွေက M16 မောင်းပြန်ချေမှုန်းရေးရိုင်ဖယ်၊ HK33 မောင်းပြန်ချေမှုန်းရေးရိုင်ဖယ်၊ M79 ဂရင်းနစ် လောင်ချာ၊ M72 တစ်လုံးထိုးတင့်ဖျက်လောင်ချာတွေ တပ်ဆင်ပြီးတော့ တိုက်ပွဲဝင်ခဲ့ပါတယ်။ PDP ပါတီမှာ ဘဏ္ဍာရေးဘယ်လောက်ကြွယ်ဝလဲဆိုရင် ဦးနုရုပ်ပုံပါတဲ့ရွှေဒင်္ဂါးပြားတွေ ရိုက်နှိပ်ပြီးတော့ ထုတ်ဝေခဲ့ပါတယ်။
ရှေ့တန်းက PDP တပ်မှူးတွေဟာ ဘေးလွယ်အိတ်ထဲမှာ ရွှေဒင်္ဂါးပြားထည့်ပြီးတော့ မော်မော်ကြွားကြွားနဲ့ သုံးစွဲခဲ့ပါတယ်။ တိုက်ပွဲဖြစ်လို့ရှိရင် PDP တပ်က တပ်သားတွေဟာ M16 တို့ HK33 တို့ မောင်းပြန်ရိုင်ဖယ်တွေ ကို အတွဲလိုက်ဖောကျင်းသောကျင်းပစ်ပြီးတော့ ကျည်ကုန်ရင် ကျည်ပေါက်ကိုဖြုတ်ပြီး လွှင့်ပစ်လိုက်တာဘဲ။ အဲ့ဒီလောက်ထိ မော်ကြွားခဲ့တာပါ။ နိုင်ငံရေးအရ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့ပါတယ်။ (တညလ) လို့ခေါ်တဲ့ တပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒီတပ်ပေါင်းစုမှာ ပါလီမန်ဒီမိုကရေစီပါတီ၊ KNU ကရင်အမျိုး သား အစည်းအရုံး၊ MNSP မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသားဦးစီးအဖွဲ့ ပါဝင်ခဲ့ပါတယ်။ ဦးနုခေါင်းဆောင်တဲ့ ပါလီမန်ဒီမိုကရေစီပါတီဟာ နိုင်ငံရေးအရရော စစ်ရေးအရပါ အရှိန်အဝါရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ အဖွဲ့အစည်း အတွင်းမှာ နိုင်ငံရေးအမြင်မတူမှုတွေရော တိုင်းရင်းသားတွေနဲ့ အမျိုးသားရေးအခန်းတွေမှာ သဘောထားကွဲ လွဲမှုတွေကြောင့် ရေရှည်မှာသွားလို့မရပါဘူး။
နောက်ဆုံးမှာတော့ ဦးနုဟာ အဖွဲ့အစည်းကိုစွန့်ခွာပြီးတော့ အိန္ဒိယကိုထွက်ခွာသွားခဲ့ပါတယ်။ PDP ကို နောက်ဆက်ခံတဲ့ ခေါင်းဆောင်တွေကလည်း တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်ပြီးတော့ အဖွဲ့အစည်းဟာ အားနည်းလာပါတယ်။ နောက်ဆုံးမှာ ဗိုလ်ချုပ်ကြီးနေဝင်းက လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ပြီးတော့ စကားတစ်ခွန်းကို ပြောခဲ့ပါတယ်။ “ကိုယ့်အိမ်ပေါ်က စိတ်အခန့်မသင့်လို့ စိတ်ဆိုးပြီးဆင်းသွားတဲ့ ညီအစ်ကို တွေကိုပြန်လည်ပြီးတော့ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုကြရမယ်” ဆိုတဲ့စကားကြောင့် ဦးနုနဲ့တကွ ရဲဘော်သုံး ကျိပ်ဝင်များဟာ ပြန်လာခဲ့ကြပါတယ်။ မကြာပါဘူး ပါလီမန်ဒီမိုကရေစီပါတီဟာ တိုင်းရင်းသားတွေနဲ့ လက်နက် ကိုင်ပဋိပက္ခဖြစ်ပြီးတော့ ဇာတ်ခေါင်းကွဲပြီး ဇာတ်သိမ်းခဲ့ပါတယ်။
ဒုတိယဇာတ်လမ်းကတော့ ၁၉၈၈ ခုနှစ် အထွေထွေလူထုအုံကြွမှု ပြိုကွဲပြီးတော့ တိုင်းရင်းသားဒေသကို ကျောင်းသားလူငယ်များအပါအဝင် လူတန်းစားအလွှာအသီးသီးက အင်အားစုတွေတိုင်းရင်းသားဒေသတွေကို တစ်သောင်းနီးပါးလောက် ရောက်ရှိခဲ့ပါတယ်။ ၈၈ ခုနှစ်လူထုအရေးတော်ပုံဟာ ကျောင်းသားလူငယ်များက ခေါင်းဆောင်ပြီးတော့ ရဟန်းသံဃာတော်များ၊ အလွှာစုံက လူထုလူတန်းစားများနဲ့ တပ်မတော်သားအချို့ပါ ပါဝင်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုကိုလည်း ကြီးမားစွာ ရရှိခဲ့ပါတယ်။ နိုင်ငံရေးအရလည်း တိုင်းရင်း သားတွေနဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့ပါတယ်။ (မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်) ဆိုတဲ့အဖွဲ့(၂၁)ဖွဲ့ပါတဲ့ တပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒီအဖွဲ့ကို (DAB) ဆိုပြီးတော့ လူသိများခဲ့ပါတယ်။
တိုင်းရင်းသားဒေသတွေကို ရောက်ရှိလာတဲ့ကျောင်းသား လူငယ်များကို တိုင်းရင်းသားခေါင်းဆောင်များက ကမကထပြုပြီး (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF) ကို ဖွဲ့စည်းနိုင်ခဲ့ပါ တယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအရ စစ်ရေးအရထောက်ခံမှု အပြည့်အဝရရှိခဲ့ပါတယ်။ ရုပ်ဝတ္ထုအရ စစ်လက်နက်တွေလည်း ပံ့ပိုးတပ်ဆင်ပေးခဲ့ပါတယ်။ ABSDF ကျောင်းသားတပ်ဦးဟာ တိုင်းရင်းသားတွေနဲ့ လက်တွဲပြီးတော့ လက်နက်ကိုင်တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ နိုင်ငံရေးဩဇာ၊ စစ်ရေးဩဇာလည်း ရှိခဲ့ပါတယ်။ ဒီနေ့ကာလမှာတော့ ကျောင်းသားတပ်ဦးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀) ကျော်ကာလတုန်းကလို အားကောင်း မောင်းသန်သိပ်မလှုပ်ရှားနိုင်တော့ပါဘူး။
ပြည်တွင်းကနေထွက်ခွာပြီးတော့ တိုင်းရင်းသားဒေသတွေမှာ အခြေပြုခဲ့တဲ့ ဦးနုခေါင်းဆောင်တဲ့ ပါလီမန်ဒီမို ကရေစီပါတီ၊ ဦးမိုးသီးဇွန်၊ ဦးနိုင်အောင်၊ လက်ရှိဦးသံခဲခေါင်းဆောင်တဲ့ ABSDF အဖွဲ့ ဒီအဖွဲ့နှစ်ဖွဲ့နဲ့ ယခု လက်ရှိ မတရားအသင်းအကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားတဲ့ CRPH၊ NUG၊ PDF အဖွဲ့ကို နှိုင်းယှဉ် ကြည့်ရင် ဒီအဖွဲ့မှာပါတဲ့ပုဂ္ဂိုလ်တွေဟာ တိုင်းသိပြည်သိအရှိန်အဝါဩဇာရှိတဲ့ ပုဂ္ဂိုလ်တွေတစ်ယောက်မှ မပါပါဘူး။ ယခုလက်ရှိ လုပ်ဆောင်မှုတွေကလည်း ပြည်သူကိုရန်သူလိုသဘောထားပြီးတော့ တိုက်ခိုက် သတ်ဖြတ်မှု၊ အကြမ်းဖက်မှု၊ ဖျက်စီးမှုတွေဟာ ရေရှည်မှာဘယ်လိုနည်းနဲ့မှ ရပ်တည်လို့မရနိုင်ပါဘူး။ တိုင်းရင်းသားတွေရဲ့အသိအမှတ်ပြုမှု၊ ထောက်ခံမှုလည်းအပြည့်အဝ မရရှိပါဘူး။ အကျိုးစီးပွားအပေါ်မှာသာ ဟန်ဆောင်နေကြတာပါ။ အချိန်တန်ရင် ဒီအကြမ်းဖက်အဖွဲ့တွေဟာ နေစရာတောင်ရှိမှာမဟုတ်ပါဘူး။
ပုဂ္ဂိုလ်ရေးအရှိန်အဝါဩဇာရှိတဲ့ ပုဂ္ဂိုလ်တွေက ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတွေတောင် ရေရှည်မှာ မရပ်တည်နိုင်ခဲ့ပါဘူး။ နိုင်ငံရေးဩဇာ၊ ပုဂ္ဂိုလ်ရေးဩဇာမရှိတဲ့ လူတွေနဲ့ပါဝင်ဖွဲ့စည်းထားတဲ့ CRPH၊ NUG၊ PDF အဖွဲ့ဟာ အာဏာရယူရေးတစ်ခုထဲကလွဲလို့ နိုင်ငံရေးရည်မှန်းချက်လည်းမရှိ၊ နိုင်ငံရေးလမ်းစဉ်လည်းမရှိတဲ့ ဒီလိုအဖွဲ့မျိုးဟာ မကြာတော့တဲ့အချိန်မှာ ကြေပြုန်းပျက်စီးသွားမယ်ဆိုတာ မြေကြီးလက်ခက်မလွဲပါဘဲ။
စာရေးသူဟာ ဒီဆောင်းပါးကိုရေးရင်းနဲ့ အတိတ်ရဲ့သမိုင်းတစ်ပိုင်းတစ်စက ခေါင်းထဲကိုဝင်လာပါတယ်။ ဟိုး လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ဆယ်ကျော် ကျွန်တော်တို့ကျောင်းသား လူငယ်ဘဝက အလွန်ခေတ်စားခဲ့တဲ့ အဆိုတော်ကြီး မေလှမြိုင်ရဲ့ သီချင်းတစ်ပုဒ်ရဲ့ အပိုင်းအစလေးက ခေါင်းထဲကို ဝင်လာပါတယ်။ “မောင်လေး မောင်လေး ရှောင်မပြေးနဲ့ ရောရာနောက်လိုက် အမြှောက်ကြိုက်ကလေးရယ် လူမမယ်မောင်လေးရယ် အစစ အထင်သေးလို့ မမရင်လေးလှပါတယ်” ဒီသီချင်းလေးဟာ ဒီနေ့ခေတ်ကျွန်တော်တို့ မြေးအရွယ်လောက်ပဲရှိတဲ့ GZ ဆိုတဲ့လူငယ်လေးတွေကို ရည်ညွှန်းပြီးဆိုရင်လည်း မှန်ကန်ခေတ်မီနေတုန်းပါပဲ။
မန်းငြိမ်းမောင်
#PeopleMedia #မန်းငြိမ်းမောင် #ဆောင်းပါး
(unicode)
………………………………….