နိုင်ငံကူးလက်မှတ်ထုတ်ယူမှုနှင့် ပတ်သက်၍ ကောလာဟလသတင်းများထုတ်ပြန်ကာ ငွေကြေးအဆမတန် တောင်းခံသူများ ကြားခံပွဲစားများအား အရေးယူမည်
PUBLISHED - February 20, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်ပြီး ကောလာဟလသတင်းများထုတ်ပြန်ကာ ငွေကြေးအဆမတန် တောင်းခံသူများ၊ ကြားခံပွဲစားများအား ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် Online Booking တင်၍ QR စနစ်ဖြင့် ၂၇၀၀ ဦး နှုန်းဖြင့်လည်းကောင်း၊ နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊လွိုင်ကော်၊မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ် ၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင် သတ်မှတ်လူဦးရေအတိုင်း လည်းကောင်း ရုံးဖွင့်ရက်များတွင် နေ့စဉ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့် ပတ်သက်ပြီး ကောလာဟလသတင်းများ ထွက်ပေါ်နေ၍ နိုင်ငံကူးလက်မှတ်ရရှိရေး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိသဖြင့် အမှန်တကယ် သွားရောက်လို သူများကို ယခင်ကသတ်မှတ်ထားသည့် လုပ်ငန်းစဉ်၊ ခွင့်ပြုအရေအတွက်များအတိုင်း ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia