နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့်လူပုဂ္ဂိုလ် (၉၃) ဦးတို့အား အရေးယူဆောင်ရွက်ထား

PUBLISHED - August 2, 2024
နေပြည်တော်၊ သြဂုတ် ၂
နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် (၉၃) ဦးတို့အား အရေးယူဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်မှ သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တရားမဝင် ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်း၊ နိုင်ငံခြား ငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက် နေသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် မေလ ၂၄ ရက်နေ့က အသိပေးကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပြီး အဆိုပါအသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည့်နေ့မှ ၂၀၂၄ခုနှစ် ဇွန်လ ၄ရက်နေ့အထိ နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် (၃၉) ဦးတို့အား စိစစ်ဖော်ထုတ်၍ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထပ်မံ၍ လူပုဂ္ဂိုလ် (၉၃) ဦးတို့အား စိစစ်ဖော်ထုတ်နိုင်ခဲ့ပြီး တရားမဝင်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်း မပြုနိုင်စေရန် ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများတွင် ဖွင့်လှစ်ထား ရှိသည့် ၎င်းတို့၏ဘဏ်ငွေစာရင်းများနှင့် Pay Account များအား ယာယီဆိုင်းငံ့ခြင်းများ ဆောင်ရွက်ထားပြီး ဆက်လက်၍လည်း တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက စိစစ်အရေးယူလျက်ရှိကြောင်း ထုတ်ပြန်ထား သည်။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် Money Changer များအား လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များရုပ်သိမ်းခဲ့ရာ ၃-၁-၂၀၂၃ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့အထိ Money Changer (၁၉၄) ခုအား လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင် Website ဖြစ်သည့် www.cbm.gov.mm တွင် နိုင်ငံခြားငွေလဲလှယ်နှုန်း၊ နိုင်ငံခြားငွေရောင်းဝယ်ဆောင်ရွက်မှုအခြေအနေများအား နေ့စဉ်တရားဝင်ထုတ်ပြန်ကြေညာလျက်ရှိပါသည်။ ယင်းသို့ တရားဝင်ထုတ်ပြန်ပေးလျက်ရှိသော်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်စေလိုသော မသမာသူအဖျက်သမားများက လူမှုကွန်ရက်စာမျက်နှာ များဖြစ်သည့် Facebook၊ Telegram၊ Viber တို့မှတစ်ဆင့် မဟုတ်မမှန်လုပ်ကြံသတင်းများထုတ်ပြန်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်စေရန် လှုံ့ဆော်လျက်ရှိသဖြင့် Nuggets (Viber Group) ၊ Seven Star ဈေးနှုန်း၊ ဒေါ်လာရောင်းဝယ်ရေးနှင့် Update ဈေးနှုန်းများ၊ SDollor Exchange Service MM စသည်တို့အား တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စိစစ်ဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် တရားမဝင် ဒီဂျစ်တယ်ငွေကြေးများ အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် ဟွန်ဒီဖြင့် တရားမဝင် ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်း များ မပြုလုပ်ကြပါရန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုချက်လိုင်စင်ရရှိထားသည့် ဘဏ်များနှင့် Money Changer များထံမှသာ နိုင်ငံခြားငွေများအား ရောင်းဝယ်လဲလှယ်ခြင်းကို ပြုလုပ်ကြရန် အသိပေးအပ် ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတင်းထုတ်ပြန်ထားသည်။
#PeopleMedia