နိုင်ငံစုံပါဝင်တဲ့ “Eager Lion” စစ်ရေးလေ့ကျင့်မှု ဂျော်ဒန်နိုင်ငံတွင် စတင်ကျင်းပ
PUBLISHED - May 13, 2024
နိုင်ငံတကာ၊ မေ ၁၃
အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နဲ့ ဗြိတိန်တို့အပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံက ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင် တွေပါဝင်တဲ့ “Eager Lion” (တက်ကြွထက်သန်ခြင်္သေ့မာန်) စစ်ရေးေ့လကျင့်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း ဂျော်ဒန်တပ်မတော်က တနင်္ဂနွေနေ့ (မေလ ၁၂ ရက်နေ့) က ကြေညာလိုက်ပါတယ်။
မေ ၁၂ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ပြုလုပ်သွားမယ့် ဒီစစ်ရေးလေ့ကျင့်မှုမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ လေကြောင်းရန်ကာကွယ်ရေးလေ့ကျင့်ခန်းတွေပါဝင်မှာဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးမူစတာဖာ အယ်လ်ဟီယာရီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အကြမ်းဖက်အဖွဲ့အစည်းတွေကို တိုက်ခိုက်ရာမှာ အထောက်အကူဖြစ်စေဖို့နဲ့ အဓိက ဘေးအန္တရာယ်တွေအပါ အဝင် တဟုန်ထိုးတိုးပွားလာတဲ့ ဒရုန်းတွေနဲ့ ဇီဝလက်နက်၊ ဓာတုလက်နက်နဲ့ အဖျက်စွမ်းအားကြီးမားတဲ့ နျူက လီးယားလက်နက်တွေကိုပါ တုံ့ပြန်နိုင်ဖို့ ရည်ရွယ်ပြီး “Eager Lion” စစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ဒီကနေ့ခေတ်မှာ မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော်ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အ တွက် ဒီစစ်ဆင်ရေးမှာ ဂျော်ဒန်နိုင်ငံအပြင် အာရပ်နိုင်ငံ ၁၀ နိုင်ငံနဲ့ ပြည်ပနိုင်ငံ ၂၂ နိုင်ငံက တပ်ဖွဲ့ဝင်တွေ ပါ ဝင်ကြောင်း ၎င်းက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေး-ဟားမတ်စ် စစ်ပွဲဖြစ်ပွားနေပြီး ဒေသတွင်း တင်းမာမှုတွေမြင့်တက်နေချိန်မှာ ၂၀၁၁ ခုနှစ် ပထမဦးဆုံးအကြိမ် “Eager Lion” စစ်ရေးလေ့ကျင့်မှုစတင်တဲ့အချိန်ကစပြီး အကြီးမားဆုံးဖြစ်တဲ့ ဒီစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ဗိုလ်မှူးကြီးဟီယာရီက ပြောပါတယ်။
ဒါပေမဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်းဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ ဘာမှမပတ်သက်ကြောင်း ၎င်းက ပြောပါ တယ်။
ဒါ့အပြင် စစ်ရေးလေ့ကျင့်မှုမှာပါဝင်တဲ့ တပ်ဖွဲ့ဝင်အင်အားကိုလည်း ၎င်းက အသေးစိတ်ထုတ်ဖော်ပြောကြား ခြင်းမရှိပါဘူး။
စစ်ရေးလေ့ကျင့်မှုမှာ အီဂျစ်၊ ဆော်ဒီအာရေးဗီးယား၊ အီရတ်၊ မော်ရိုကိုနဲ့ လက်ဘနွန်တို့လို အာရပ်နိုင်ငံတွေ ပါဝင်သလို ပိုလန်၊ နော်ဝေ၊ ရိုမေးနီးယား၊ ဂျပန်နဲ့ သြစတေးလျတို့လို နိုင်ငံတွေလည်းပါဝင်ပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာလတုန်းက ကျင်းပခဲ့တဲ့ “Eager Lion” စစ်ရေးလေ့ကျင့်မှုမှာ ဂျော်ဒန်တပ်ဖွဲ့ဝင် ၂၂၀၀၊ အမေရိကန်တပ်ဖွဲ့ဝင် ၁၇၀၀ နဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံက တပ်ဖွဲ့ဝင် ၄၀၀ ကျော် ပါဝင်ခဲ့ပါတယ်။
ဂျော်ဒန်နိုင်ငံဟာ ၁၉၉၄ ခုနှစ်က အစ္စရေးနိုင်ငံနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသမှာ ဂျီ ဟတ်ဝါဒီအကြမ်းဖက်သမားတွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အမေရိကန်အစိုးရရဲ့ ဒေသတွင်း အဓိကမဟာ မိတ်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါတယ်။
Ref: Jordan Launches Multinational ‘Eager Lion’ War Games
#PeopleMedia