• Follow Us on

Home နိုင်ငံတကာသို့ထိုးဖောက်နိုင်မည့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် နစကဒုဥက္ကဋ္ဌ မှာကြား

နိုင်ငံတကာသို့ထိုးဖောက်နိုင်မည့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် နစကဒုဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၅

 

နိုင်ငံတကာသို့ ထိုးဖောက်နိုင်မည့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မှာကြားလိုက်သည်။

 

ယမန်နေ့က နေပြည်တော်တွင် ကျင်းပသည့် (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများသည် မြန်မာနိုင်ငံအတွင်းရှိ တော၊ တောင်၊ ရေ၊ မြေတို့က ရရှိနိုင်သည့် သဘာဝအရင်းအမြစ်များဖြင့် တိုင်းရင်း ဆေးဝါးများတွင် ထည့်သွင်းအသုံးပြုပြီး ခေတ်အဆက်ဆက်တွင် ပြည်သူလူထု၏ကျန်းမာရေးကို စောင့်ရှောက် ပေးသကဲ့သို့ ကပ်ရောဂါဘေးနှင့် သဘာဝဘေး အန္တရာယ်များဖြစ်သည့် လေဘေး၊ ရေဘေးစသည့် အန္တရာယ်များကြုံတွေ့သည့် အခါမှာလည်း ပြည်သူလူထုကို တစ်ဖက်တစ်လမ်းက မြန်မာ့တိုင်းရင်းဆေး ပညာဖြင့် အားသွန်ခွန်စိုက် စွမ်းစွမ်းတမံ စောင့်ရှောက်ပေးကြသည်ကို တွေ့ရကြောင်း ပြောသည်။

 

ထို့ပြင် နိုင်ငံတကာပူးပေါင်ဆောင်ရွက်မှုအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာဆီယံ၊ ဘင်း(မ်)စတက်၊ မဲခေါင် အစရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တိုင်းရင်းဆေးပညာကဏ္ဍများတွင် အတူပူးပေါင်းဆောင်ရွက်နေခြင်းဖြင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများ အရည်အသွေးပြည့်ဝစွာ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာသို့ ထိုးဖောက်နိုင်မည့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများ ပေါ်ထွန်းလာ စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ ကုထုံးများ၊ တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းအစဉ်အလာ ကြီးမားသည့် ဆေးကျမ်းများနှင့် အာနိသင်ထက်မြက်သည့် ဆေးဝါးများစသည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်များ၏ အနှစ်သာရ အဆီအနှစ်များကိုစုစည်းပြီး အမျိုးသားအမွေအနှစ် ဆေးပညာရပ်တစ်ရပ်အဖြစ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဤညီလာခံကြီးမှ ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးကြ ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက အခြားနိုင်ငံများ၏ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေး ပွဲများ၊ သင်တန်းများကို မြန်မာနိုင်ငံမှ တိုင်းရင်းဆေးပညာရှင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူ လုပ်ငန်း ရှင်များ သွားရောက်ပြီး တက်ရောက်ခဲ့ကြသကဲ့သို့ ယခုညီလာခံနှင့် နှီးနှောဖလှယ်ပွဲသို့လည်း အိမ်နီး ချင်းနိုင်ငံများနှင့် အခြားနိုင်ငံများမှ ဘာသာရပ်ဆိုင်ရာပညာရှင်များ ဖိတ်ကြား၍ ပါဝင်ဆွေးနွေးစေလိုကြောင်း၊ ထို့ကြောင့်(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲကြီးကို နိုင်ငံတော်အဆင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ အသီးသီးအနေဖြင့် မိမိတို့သက်ဆိုင်ရာ အခန်းကဏ္ဍများတွင် လစ်ဟာမှုမရှိအောင် အင်တိုက်အားတိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post