နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ကောင်းမွန်သောအစိုးရတစ်ရပ်ကသာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌပြောကြား
PUBLISHED - February 7, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၇
နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ကောင်းမွန်သော အစိုးရတစ်ရပ်ကသာ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်သည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက် မြန်မာပြည်)တွင် သင်တန်းတက်ရောက်နေကြသည့် နိုင်ငံ့ဝန်ထမ်း သင်တန်းသားသင်တန်းသူများနှင့် တွေ့ဆုံ စဉ် ပြောကြားသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ကောင်းမွန်သော အစိုးရတစ်ရပ်ကသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရ၏မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်ရ သည့် စွမ်းဆောင်ရည်မြင့်မားသော နိုင်ငံ့ဝန်ထမ်းအဖွဲ့ အစည်းများဖြစ်ရေးသည် ကောင်းမွန်သည့် အစိုးရအဖွဲ့ ဖြစ်ရေးအတွက် အလွန်အရေးကြီးသော အချက်ဖြစ်ကြောင်း၊ မူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်သည့် နေရာတွင်လည်း ပြည်သူ့အကျိုးသာ ပဓာန အာဏာထူထောင်ရေးသည် သာမညဆိုသည့် ခံယူချက်ဖြင့် ဆောင် ရွက်ကြရန်လိုကြောင်း ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက်ခြင်းခံရသော အစိုးရအဖွဲ့သည် (၅)နှစ် (၁)ကြိမ် ပြောင်း လဲနေမည်ဖြစ်ပြီး အဆိုပါအစိုးရအဖွဲ့များသည် ၎င်းတို့၏ နိုင်ငံရေးယုံကြည်ချက်ကို အခြေခံပြီး နိုင်ငံနှင့် ပြည်သူ လူထုတို့၏ တည်ငြိမ်လုံခြုံရေး၊ လူမှုအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် မတူညီသောမူဝါဒ၊ လုပ်ငန်းစဉ်များ ရှိကောင်းရှိမည်ဖြစ်သော်လည်း နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတည်ရှိနေသရွေ့ တစ်ဆက်တည်းရှိနေရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ကို ရွေးချယ်၊ ဖွဲ့စည်း၊ လေ့ကျင့်၊ ပြုစုပျိုးထောင်ပေးရေးသည်တည်ငြိမ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံတော်တည်ဆောက်ရေးတွင် အလွန်အရေးပါသည့်အချက်ဖြစ် ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ပြောသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ထိုသို့ ရွေးချယ်၊ ဖွဲ့စည်း၊ လေ့ကျင့်၊ ပြုစုပျိုးထောင်နိုင်ရန်အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး နိုင်ငံရေးစနစ် ပေါ်အခြေခံ၍ အစိုးရအဖွဲ့ပြောင်းလဲမှု ရှိသော်လည်း ဝန်ကြီးဌာနများအလိုက် တာဝန်ယူကြရသည့် လုပ်ငန်း ကဏ္ဍအလိုက်၊ အဆင့်အလိုက် လုပ်ငန်းများ စဉ်ဆက်မပြတ်မှန်မှန်ကန်ကန်လုပ်ဆောင်ပြီး နိုင်ငံ့အကျိုးရှေးရှု၍ ပြည်သူလူထုကို အလုပ်အကျွေးပြုနေသည့် စည်းကမ်းရှိသော၊ စနစ်တကျရှိသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း ဖြစ်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်ဖြင့် ပြောသည်။
#PeopleMedia