နိုင်ငံတစ်ဝန်းရှိ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ ၉၇၆၆ ဦးတို့အား လွတ်ငြိမ်းခွင့်ပြု
PUBLISHED - January 5, 2024
နေပြည်တော်၊ ဇန်နဝါရီ ၅
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုသောအားဖြင့် ဇန်နဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်း ထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ (၉၇၆၆) ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုသော အားဖြင့် ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားပြီး နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကိုနားလည်စေရန်ရှေးရှု၍ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦး၊ စုစုပေါင်း ၉၇၆၆ ဦးတို့အား ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ပစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါ မည်ဟူသော စည်းကမ်းသတ်မှတ်ချက်များဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် ပြစ်မှုကျူးလွန်ခဲ့သည့် အကျဉ်းသူ၊ အကျဉ်းသားများကို ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှု များအရ အကျဉ်းထောင်အတွင်း ပြစ်ဒဏ်များချမှတ်ခဲ့သော်လည်း အကျဉ်းထောင်နှင့် အကျဉ်းစခန်းများအတွင်း လူမှုရေး၊ ကျန်းမာရေးဆိုင်ရာများနှင့် အခြားရသင့်သည့် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ ကောင်း မွန်ပြည့်စုံစွာ ဆောင်ရွက်ပေးထားသည့်အတွက် ယခုပြန်လည်လွတ်မြောက်လာသည့်အချိန်တွင် ကျန်းမာ ပျော်ရွှင်လျက်ရှိပြီး လာရောက်ကြိုဆိုသည့် မိဘဆွေမျိုးများကလည်း ဝမ်းပန်းတသာဖြင့် ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ဇန်နဝါရီလ ၄ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၂၀၀၀) ကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia