နိုင်ငံတော်အနေဖြင့်ရနိုင်သမျှဘဏ္ဍာငွေများကိုအသုံးပြုပြီး ရထားလမ်းပိုင်းများ၊ ဘူတာရုံများအဆင့်မြှင့်တင် ခြင်းနှင့် တွဲသစ်များတည်ဆောက်ခြင်းလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးနေကြောင်း နစကဥက္ကဋ္ဌ ပြောကြား

PUBLISHED - October 23, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၃
နိုင်ငံတော်အနေဖြင့် ရနိုင်သမျှဘဏ္ဍာငွေများကိုအသုံးပြုပြီး ရထားလမ်းပိုင်းအလိုက် အဆင့်မြှင့်တင်မွမ်းမံခြင်း၊ ရထားတွဲများပြုပြင်ထိန်းသိမ်းခြင်း၊ တွဲသစ်များ တည်ဆောက်တပ်ဆင်ခြင်း၊ ဘူတာရုံများ အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့နံနက်ပိုင်းတွင် ရွှေညောင်-တောင်ကြီး-နောင်ကား လမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်း ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍသည် အလွန်အရေးပါသည့် ကဏ္ဍကြီး တစ်ရပ် ဖြစ် ကြောင်း၊ ဒီထက်ပိုပြီးပြောရမည်ဆိုပါက အခြေခံလူတန်းစား ပြည်သူ အများစုကြီး အားကိုးအားထား အသုံးပြု နေရသည့် ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးဖြစ်သည်ဟု ဆိုနိုင်ကြောင်း၊ မိမိတို့အစိုးရ တာဝန်ယူပြီးသည့်နောက်တွင် ရထားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ယခင် အစိုးရလက်ထက် မပြီးပြတ်ခဲ့သည့် လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ သကဲ့သို့ ပြည်သူများအတွက် လိုအပ်မည့် စီမံကိန်းအသစ်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောသည်။
မိမိကိုယ်တိုင် တာဝန်ရှိသူများနှင့် မကြာခဏတွေ့ဆုံပြီး ရထားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ပံ့ပိုးဖြည့်ဆည်းမှာကြားမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်တွင် လျှပ်စစ်ရထားပြေး ဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်၊ စက်ခေါင်းနှင့် တွဲများတည်ဆောက်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ပြည်ပမှဝယ်ယူမှုကို တစ်ဖြည်းဖြည်းလျှော့ချပြီး ပြည်တွင်း၌ ထုတ်လုပ်တည်ဆောက် နိုင်ရန် သုတေသနပြု၊ နည်းပညာများလေ့လာပြီး ကြိုးပမ်းဆောင်ရွက်သွားရန် စသည်များကိုမှာကြားထားပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ရနိုင်သမျှ ဘဏ္ဍာငွေများကိုအသုံးပြုပြီး ရထား လမ်းပိုင်းအလိုက် အဆင့်မြှင့် တင်မွမ်းမံခြင်း၊ ရထားတွဲများပြုပြင်ထိန်းသိမ်းခြင်း၊ တွဲသစ် များ တည်ဆောက်တပ်ဆင်ခြင်း၊ ဘူတာရုံများ အဆင့်မြှင့်တင်တည်ဆောက်ခြင်း လုပ်ငန်း များကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာ့မီးရထားသည် နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းဖြစ်သည်နှင့် အညီ ခရီးသည်နှင့် ကုန်စည်များကို ဈေးနှုန်းသက်သာစွာနှင့် လုံခြုံချောမွေ့စွာ သယ်ယူပို့ဆောင်ပေးရင်း နိုင်ငံတော်၏ဘက်စုံ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု နိုင်စေရန်၊ တစ်ချိန်တည်း၌ လူ၊ ပစ္စည်း၊ ငွေကြေးစသည့် ရှိရင်းစွဲအရင်းအမြစ်များကို လေလွင့် ဆုံးရှုံးမှုမရှိစေဘဲ အကျိုးရှိထိရောက်စွာ အသုံးချ နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထိုပြင် ဈေးကွက်စီးပွားရေး မူဝါဒနှင့်အညီ ယှဉ်ပြိုင်နေ ရသည့် ယနေ့ အချိန်အခါမျိုး၌ စီးပွားရေး ဆန်ဆန်ယှဉ်ပြိုင်နိုင်ပြီး ခရီးသည်နှင့် ကုန်စည်များကိုကုန်ကျ စရိတ် သက်သာစွာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြင့် သယ်ယူပို့ဆောင်ပေးနိုင်သည့်လုပ်ငန်းကြီးတစ်ရပ် ဖြစ်လာစေရေးကိုလည်း မြန်မာ့မီးရထားဝန်ထမ်းတိုင်းက မျှော်မှန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။
#PeopleMedia