နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များနှင့် အနာဂတ်နိုင်ငံတော်ကို တည် ဆောက်ရန် ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း နစကဥက္ကဋ္ဌပြောကြား
PUBLISHED - January 26, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၆
နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များနှင့် သာယာဝပြောသည့်အနာဂတ် နိုင်ငံတော် ကြီးကို တည်ဆောက်ရန် ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
(၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့တွင် နေပြည်တော်ရှိ Naypyitaw State Academy၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်သည် ပညာတတ် အရင်းအမြစ်ပေါများခြင်းပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များနှင့် သာယာဝပြောသည့်အနာဂတ် နိုင်ငံတော်ကြီးကို တည် ဆောက်ရန် ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း၊ မျက်မှောက်ခေတ်ကို ပညာခေတ်ဟု တင်စားသတ်မှတ်ထား သည်နှင့်အညီ ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံးဟုခံယူထားသည့်အရာသည်ပညာသာဖြစ်ကြောင်း၊ ပညာရဲရင့် ပွဲလယ်တင့် ဟူသည့် အင်းဝခေတ်စာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ စကားသည် ယနေ့ တိုင် မှန်ကန်နေဆဲ ဖြစ်ကြောင်း၊ မည်သည့်ခေတ်တွင်မဆို နိုင်ငံသားတိုင်းပညာရည်မြင့်မှ ကမ္ဘာ့အလယ်တွင် နိုင်ငံနှင့်လူမျိုးတင့် တယ်မည်ဖြစ်ကြောင်း ပြောသည်။
သုတေသနသည် တက္ကသိုလ်များ၏ အသက်သွေးဖြစ်သည်ဟု သတ်မှတ်ထားသည်နှင့်အညီ သုတေသန ဆောင်ရွက်နေသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ သင်ယူလေ့လာ နေသည့် ပညာရပ်နယ်ပယ်များတွင် ပိုမိုတတ်ကျွမ်း ထူးချွန်လာကြမည်ဖြစ်ကြောင်း၊ တွေ့ရှိချက်အသစ်များမှ တစ်ဆင့် ဆန်းသစ်တီထွင်မှုများကို ဆက်လက်လုပ်ဆောင်ကြခြင်းသည် လူမှုအသိုင်းအဝိုင်းကို အကျိုးပြုနိုင် သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာကြမည်မှာ အသေအချာဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က တက္ကသိုလ်များအတွက် သုတေသန အသုံး စရိတ်များ၊ သုတေသနဓာတ်ခွဲခန်းသုံးပစ္စည်းများကို နှစ်စဉ်တိုးမြှင့်ခွင့်ပြုပေးခဲ့သည့် အပြင် သုတေသနစင်တာများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ရပ်အဖြစ် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်း(MSME)များကို အားပေးရင်း ဒေသတစ်ခု၊ ထုတ်ကုန် တစ်မျိုး (One Region, One Product) ထုတ်လုပ်ရန် တိုက် တွန်းလျက်ရှိသကဲ့သို့ အရည်အသွေးမြင့် ကုန်ချောများ (Value-added Products) ထုတ်လုပ်ခြင်းမှတစ်ဆင့် စိုက်ပျိုးရေးကိုအခြေခံသည့်စက်မှုလုပ် ငန်းများ(Agro-based Industries)ကို ဦးတည်ကြိုးပမ်းရန် ပံ့ပိုးပေးလျက်ရှိကြောင်း၊ အဆိုပါ အမျိုးသားရေး လုပ်ငန်းစဉ် နှစ်ရပ်အောင်မြင်ရေးအတွက် တက္ကသိုလ်များ၏ သုတေသန အားကောင်းမှုဖြင့်လည်း ဖြည့်ဆည်း ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။
နိုင်ငံတော်ကို အကျိုးပြုမည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် သုတေ သနလမ်းညွှန်မှုများပေးရန် ဟူသည်မှာ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ ရည်ရွယ်ချက်တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့အနေဖြင့် နိုင်ငံ တော်အစိုးရက ၁၉၉၉ ခုနှစ်၊ သြဂုတ်လ စတင်ဖွဲ့စည်းပေးချိန်မှစပြီး ချမှတ် ပေးထားသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက်ရှိရာ သုတေသနလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ၂၀၀၁ ခုနှစ်မှ စတင်ပြီး ဝိဇ္ဇာ၊ သိပ္ပံနှင့် လူမှုရေးပညာရပ်များဆိုင်ရာ ဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲ များနှင့် ညီလာခံများကို နှစ်စဉ် ကျင်းပပေးလျက်ရှိ ကြောင်း၊ ၂၀၂၃ ခုနှစ်အတွက် (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံကို ပညာရေးဝန်ကြီးဌာနက အမျိုးသားအဆင့်အဖြစ် Naypyitaw State Academy တွင် ဇန်နဝါရီလ (၂၅) ရက်မှ (၂၇) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
#PeopleMedia