• Follow Us on
Latest News

Home နိုင်ငံတော်၏စီးပွားရေးမောင်းနှင်အား တိုးတက်စေရန် MSME လုပ်ငန်းများမှတစ်ဆင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌပြောကြား

နိုင်ငံတော်၏စီးပွားရေးမောင်းနှင်အား တိုးတက်စေရန် MSME လုပ်ငန်းများမှတစ်ဆင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၄

 

နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အား တိုးတက်လာစေရန် MSME လုပ်ငန်းများမှတစ်ဆင့် ပို့ကုန် မြှင့်တင်နိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် နှစ်(၆၀) ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

 

“ကျွန်တော်တို့အစိုးရအနေနဲ့ ချမှတ်ထားတဲ့ စီးပွားရေးဦးတည်ချက်များနဲ့အညီ နိုင်ငံတော်ရဲ့ စီးပွားရေး မောင်းနှင်အား တိုးတက်လာစေဖို့ ရည်ရွယ်ပြီး MSME လုပ်ငန်းများမှတစ်ဆင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ပညာတတ်လူသားအရင်းအမြစ်များ လိုအပ်တာ ကြောင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဦးဆောင်ပြီး ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ၃၉ ခုမှာ B.A (Economics)ဘွဲ့သင်တန်းများကို စတင်ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပါတယ်။ အနာဂတ်ကာလမှာ B.A (Economics)ဘွဲ့ရတွေအနေနဲ့ တတ်သိထားတဲ့ စီးပွားရေးအသိအမြင်၊ အတွေးအမြင်တွေကို အသုံးချပြီး မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်မှုနဲ့ လူ့အဖွဲ့အစည်းဖွံ့ဖြိုးမှုတို့ကို ဆောင်ရွက်လာနိုင်တော့မှာဖြစ်ပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ ၁၉၆၄ ခုနှစ် ကနေ ၂၀၂၄ ခုနှစ် အထိ နှစ်(၆၀)ခရီးကာလအတွင်း ပါရဂူဘွဲ့ရရှိသူ ၁၁၀၊ မဟာဘွဲ့ရရှိသူ ၇၅၈၇ ဦး၊ ရိုးရိုးဘွဲ့ရရှိသူ ၆၁၈၅၀၊ ဂုဏ်ထူးဘွဲ့ရရှိသူ ၁၂၁၇ ဦး၊ ဘွဲ့လွန်ဒီပလိုမာရရှိသူ ၇၇၀၈ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့သည်ကို တွေ့ရ ကြောင်း၊ လက်ရှိအချိန် တက္ကသိုလ်အသီးသီး၏ ပုံမှန်သင်တန်းများတွင် ကျောင်းသား ကျောင်းသူ ၄၃၅၉ ဦး၏ အဝေးသင်ကျောင်းသား ကျောင်းသူ ၄၆၁၈ ဦး တက်ရောက်ပညာဆည်းပူးလျက်ရှိကြောင်းကို သိရှိရကြောင်း ပြောသည်။

 

စီးပွားရေးတက္ကသိုလ်ဘွဲ့ရ ကျောင်းသား ကျောင်းသူများသည် တိုင်းပြည်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းရည်ပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအဖြစ် ကဏ္ဍပေါင်းစုံတွင် ပါဝင်ဆောင်ရွက်အကျိုးပြုနေကြသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

“ရန်ကုန်စီးပွားရေးတက္ကသိုလ်ဘွဲ့ရများဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးမှာ ထင်ရှား ကျော်ကြားသူများအဖြစ် ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။ စီးပွားရေးတက္ကသိုလ်ဘွဲ့ရရှိသူတွေထဲမှာ နိုင်ငံတော်သမ္မတကစပြီး ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်များ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ အကြံပေးပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များနဲ့ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ စတဲ့နိုင်ငံတော်ရဲ့ အဆင့်မြင့်တာဝန်အသီးသီးကို ထမ်းဆောင်နေကြတာ ဂုဏ်ယူဖွယ်တွေ့မြင်ရပါတယ်။”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ယခုကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ တစ်တပ်တစ်အားပါဝင်နေသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကြီး၏ နှစ်(၆၀)ပြည့် အခမ်းအနားကို ဂုဏ်ပြုသည့်အနေနှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်ဖြစ်ပေါ်တိုးတက်မှု သမိုင်းမှတ်တမ်းဓာတ်ပုံပြပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ သုတေသန ပိုစတာပြပွဲများကို ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ခေတ်အဆက်ဆက်သင်ကြားပေးခဲ့ကြသည့် ဆရာကြီး ဆရာမကြီးများအတွက် မြတ်ဆရာပူဇော်ပွဲကို ကျင်းပပေးပြီး အထိမ်းအမှတ်အခမ်းအနားကို ကျယ်ကျယ်ပြန့်ပြန့် ခမ်းခမ်းနားနားဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post