• Follow Us on
Latest News

Home နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကိုထိပါးလာသည့်အတွက် ဘဏ်များကိုကြီးကြပ်ဆောင်ရွက်နေကြောင်း နစကအတွင်းရေးမှူး ပြောကြား

နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကိုထိပါးလာသည့်အတွက် ဘဏ်များကိုကြီးကြပ်ဆောင်ရွက်နေကြောင်း နစကအတွင်းရေးမှူး ပြောကြား

Share this post

နေပြည်တော်၊ ဇူလိုင် ၁၁

 

ဘဏ်များသည် သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်သော်လည်း ယခုအခါတွင် သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်မှုများသည် နိုင်ငံတော်၏စီးပွားရေးမူဝါဒများကို ထိပါးလာသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ထိုက်သင့်အားလျော်စွာ ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ပြောသည်။

 

နိုင်ငံပိုင်နှင့်ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌ များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက ဘဏ်များသည် ငွေအပ်နှံသူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန်တာဝန်ရှိသကဲ့သို့ ငွေကြေးစနစ်တည်ငြိမ်မှု၊ လုံခြုံမှုနှင့်ခိုင်မာမှုထိန်းသိမ်းရေးကို တစ်ပါတည်း ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ယင်းအခြေအနေကို ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အစိုးရ၊ ဗဟိုဘဏ်နှင့် ဘဏ်များပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ဘဏ်များ၏လိုအပ်ချက်ကို နိုင်ငံတော် အစိုးရနှင့် ဗဟိုဘဏ်တို့က ပံ့ပိုးနေသကဲ့သို့ ဘဏ်များကလည်း နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ စည်း မျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းစနစ်ဖြင့် ယှဉ်ပြိုင်ခြင်းထက် ကိုယ်ကျိုးစီးပွားကြောင့် လက်ဝါးကြီးအုပ်ခြင်း၊ ဈေးကစားမှုပြုခြင်းများကြောင့် အများ ပြည်သူ၏အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်ပေးရမည်ဖြစ်ကြောင်း၊ အလားတူတည်ဆဲ ဥပဒေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပြီး နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေပါက သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောသည်။

 

“ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေတဲ့အတွက် ဗဟိုဘဏ်နဲ့ ဘဏ်တွေဟာ သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ သတ်မှတ်စည်းကမ်းတွေကို ဖောက်ဖျက်မှု တွေဟာ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒတွေကို ထိပါးလာတဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ ထိုက်သင့်အား လျော်စွာ ကြီးကြပ်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ပြည်သူလူထု အနေနဲ့လည်း မလိုအပ်ဘဲ ငွေကြေး အမြောက်အမြား ထုတ်ယူတာ ကောလာဟလသတင်းတွေအပေါ် စိုးရိမ်စိတ်လွန်ကဲပြီး ထုတ်ယူတာတွေ မပြုလုပ်ကြဖို့လည်း လိုအပ်ပါတယ်။”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက နိုင်ငံတော်ကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ အောင်မြင်စေရေးအတွက် နိုင်ငံတော်အစိုးရသည် ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်နေချိန်တွင် ဘဏ်လုပ်ငန်းရှင်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများကို ပြည်သူများ ၏အကျိုးစီးပွားအား အပြည့်အဝကာကွယ်စောင့်ရှောက်မည့်ပုဂ္ဂိုလ်များအဖြစ် အားကိုးအားထားပြုပြီး ပူးပေါင်း ဆောင်ရွက်သွားလိုကြောင်း၊ ထို့ကြောင့် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ဘဏ်တာဝန်ရှိ သူများ အဆင့်ဆင့်က အထူးအလေးထား ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်အစိုး ရ၊ အများပြည်သူနှင့် ဘဏ်များအကြား သုံးဦးသုံးဖလှယ်အကျိုးရှိသည့် Win-Win-Win Situation  ရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post