နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်သုံးရမည့်ငွေများကို အကြမ်းဖက်သမားများက ဖျက်ဆီးခဲ့သည့်လမ်းတံတားများ၊ လျှပ်စစ်တာဝါတိုင်များ၊ အဆောက်အဦများပြန်လည်တည်ဆောက်ရေး၌သုံးခဲ့ရသဖြင့် စီးပွားရေးတိုးတက်မှု ရသင့်သလောက်မရခဲ့ဟု နစကဥက္ကဋ္ဌပြောဆို

PUBLISHED - August 26, 2023
နေပြည်တော်၊ သြဂုတ် ၂၆
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးရမည့် ငွေများကို အကြမ်းဖက်သမားများကဖျက်ဆီးခဲ့သည့် လမ်းတံတား များ၊ လျှပ်စစ်တာဝါတိုင်များ၊ ပြည်သူပိုင်အဆောက်အဦများ ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက် ရေး၌ သုံးခဲ့ရသဖြင့် စီးပွားရေးတိုးတက်မှုရသင့်သလောက်မရခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
စီးပွားရေးရာကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၁ – ၂၀၂၂ ခုနှစ်တွင် ဆူပူအကြမ်းဖက်မှုများကြောင့် ကုန် ထုတ်လုပ်မှုထိခိုက်ပြီး ပို့ကုန်များ ကျဆင်းခဲ့ကြောင်း၊ ဝိုင်းဝန်းပိတ်ဆို့မှု ဖျက်လိုဖျက်ဆီးလုပ်မှုများ အကြားမှ နိုင်ငံ့စီးပွားရေးကို ရပ်တည်နိုင်အောင် ကြိုးပမ်းခဲ့ရကြောင်း၊ ၂၀၁၉ – ၂၀၂၀ ခုနှစ်တို့တွင် နိုင်ငံ့ GDP တိုးတက်မှု အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၀၂၁-၂၀၂၂ တွင် အပေါင်း ၃ ရာခိုင်နှုန်းအထက် ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ GDP ၉ ရာခိုင်နှုန်းအထက်ရှိအောင် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ၎င်းကာလအတွင်း၌ လမ်း တံတားများ၊ လျှပ်စစ်တာဝါတိုင်များ၊ ပြည်သူပိုင်အဆောက်အဦများကို အကြမ်းဖက်သမားများက ဖျက်ဆီးခဲ့ သည်များလည်းတွေ့ရကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးရမည့်ငွေများကို ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး၌ သုံးခဲ့ရသဖြင့် စီးပွားရေးတိုးတက်မှုရသင့်သလောက်မရခဲ့သည်ကို ပြည်သူများ အားလုံးသိရှိရန်လိုကြောင်း ပြောဆိုသည်။
ပြည်တွင်း လိုအပ်သည့် စားသုံးဆီများကို ပြည်ပမှနှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုးခန့်တင် သွင်းနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှု များပြားလျက်ရှိကြောင်း၊ ခေတ်အဆက်ဆက်တွင် ပြည်တွင်းစားသုံးဆီ လုံလောက်မှုရှိအောင် ဆောင်ရွက်နိုင်သော်လည်း ထိရောက်စွာ ဆောင်ရွက်ခဲ့ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် စားသုံး ဆီထုတ်လုပ်မှုများ မြင့်မားလာစေရေး နိုင်ငံ့စီးပွားရန်ပုံငွေများထုတ်ပေး၍ ပြည်တွင်း ဆီထုတ်လုပ်မှုမြှင့်တင်ကာ ၂၀၂၅ ခုနှစ်တွင် ပြည်တွင်းစားသုံးဆီ ဖူလုံပြီး၎င်းမှတစ်ဆင့် ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သည့် Exporter အဆင့်သို့ရောက်ရှိအောင် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်ကျိုးသက်သက် ကိုသာ ဦးစားပေးသည့် ဝိသမလောဘသမားများရှိသကဲ့သို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုနေသည့် စီးပွားရေးလုပ်ငန်းရှင်များလည်းရှိကြောင်း၊ ၎င်းတို့ကို နိုင်ငံတော်အနေဖြင့် အားပေးချီးမြှင့်မှု (Incentive) များလုပ်ဆောင်ပေးရန်လိုကြောင်း၊ ယခင်က ပြည်ပပို့ကုန်တင်ပို့နေမှုများ၌ ပို့ကုန်ရငွေကို ၁၀၀ ရာခိုင်နှုန်း အပ်နှံစေခဲ့ ကြောင်း၊ နောက်ပိုင်း၌ ၆၅ ရာခိုင်နှုန်းဖြေလျှော့ပေးခဲ့ကြောင်း၊ ယခုလက်ရှိကာလတွင် ၅၀ ရာခိုင်နှုန်းအထိ ဖြေလျှော့ပေးခဲ့ကြောင်း၊ ယခင် ၁၀၀ ရာခိုင်နှုန်းအပ်နှံစေခဲ့စဉ်က စောဒကမရှိသလောက်ဖြစ် သော်လည်း ၆၅ ရာခိုင်နှုန်းတွင် စောဒကများရှိလာပြီး ယခု ၅၀ ရာခိုင်နှုန်း၌ ပိုမိုများပြားလာကြောင်း၊ ယင်း အတွက်လည်း ရှင်းလင်းပြပြီးဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် အစိုးရအနေဖြင့် ဝင်ရောက်ကိုင်တွယ်မှု ကို လျှော့နိုင်သမျှလျှော့ရမည်ဖြစ်ကြောင်း၊ သို့သော် လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးအရ တိုက်ခိုက်မှု၊ ပိတ်ဆို့မှုနှင့် နိုင်ငံ့စီးပွားရေး ပျက်ယွင်းအောင် ဆောင်ရွက်နေမှု များကြောင့် အစိုးရအနေဖြင့် ဝင်ရောက်ထိန်းညှိ ဆောင်ရွက်ပေးနေရခြင်းဖြစ်ကြောင်းဖြင့် ပြောဆိုခဲ့သည်။
#PeopleMedia