နိုင်ငံရေးနည်းလမ်းအရဆောင်ရွက်ခြင်းမပြုဘဲ လက်နက်ကိုင်၍ တောင်းဆိုခြင်းကို တပ်မတော်အနေဖြင့် လုံးဝလက်ခံမည်မဟုတ်ကြောင်း နစကဥက္ကဋ္ဌပြောကြား
PUBLISHED - February 14, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ခြင်းမပြုဘဲလက်နက်ကိုင်၍ တောင်းဆိုခြင်းကို တပ်မတော်အနေဖြင့် လုံးဝလက်ခံမည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ယမန်နေ့တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် လွတ်လပ် ရေးရရှိပြီး ကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် ယခုအချိန်အထိဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ်တွင်သာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် သဘောထားကွဲလွဲမှုများ ရှိမည်ဖြစ်သော်လည်း လိုလားချက်များကို အကြမ်းဖက် သည့် လမ်းစဉ်ဖြင့်လက်နက်ကိုင်၍ တောင်းဆို၍မရဘဲ ဥပဒေအရသာ တောင်းဆိုရမည်ဖြစ်ကြောင်း၊ နိုင်ငံရေး နည်းလမ်းအရ ဆောင်ရွက်ခြင်းမပြုဘဲလက်နက်ကိုင်၍ တောင်းဆိုခြင်းကို တပ်မတော်အနေဖြင့် လုံးဝလက်ခံ မည် မဟုတ်ကြောင်း ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍လည်း တပ်မတော်အနေဖြင့် သဘောတူညီထားပြီးဖြစ်ပြီး ပြင်ဆင်သင့်သည်ဥပဒေများကို လွှတ်တော်လမ်းကြောင်းပေါ်၌ ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော် မတိုင်မီ ဥပဒေမထုတ်ပြန်နိုင်သေးပါက ပြည်ထောင်စုမှ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်နှင့် ညွှန်ကြား ချက်များထုတ်ပြန်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် လုပ်ဆောင်ပေး၍ရကြောင်း၊ ထိုသို့ဆောင်ရွက် ပေးမည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ဖက်ဒရယ်စနစ်အပေါ်တွင် ယုံကြည်မှုပိုမိုရှိလာမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုထားသော ကဏ္ဍများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပြဋ္ဌာန်းပြီး လုပ်ဆောင်၍ရသည်များ ရှိသော်လည်း မလုပ်သည့်အတွက် အချို့နေရာများတွင် အခက်အခဲ များ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပါတီများအနေဖြင့် တိုင်းရင်းသားလူမျိုးကိုကိုယ်စားပြုသည့်ပါတီ၊ ဒေသကို ကိုယ်စားပြုသည့်ပါတီ၊ တစ်နိုင်ငံလုံးကိုလွှမ်းခြုံကိုယ်စားပြုသည့်ပါတီဟူ၍ ရှိကြောင်း၊ ပါတီများသည် ခိုင်ခိုင်မာမာဖြစ်ရန်လိုပြီး ပါတီတွင်းဒီမိုကရေစီတည် ဆောက်ရန်လည်း လိုကြောင်း၊ ပါတီကိုဦးဆောင်သူမရှိ သဖြင့် ပါတီယိမ်းယိုင်ခြင်း၊ ပျက်စီးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပါတီဖျက်သိမ်းရခြင်းများမဖြစ်စေလိုဘဲ ခိုင်ခိုင်မာမာရှိစေလိုကြောင်း၊ ထို့ကြောင့် ခိုင်မာသည့် ပါတီတည်ဆောက်မှုဖြစ်ရန်လိုပြီး ပါတီဝင်များ၏ ဝန်းရံ မှုများ ခိုင်မာရန်လိုကြောင်း၊ မိမိတို့ပါတီအလိုက် ဖွဲ့စည်းတည်ဆောက်ပုံနှင့် စည်းလုံးညီညွတ် မှုလက္ခဏာသည် လည်း ခန့်ခန့်ညားညားရှိရန်လိုကြောင်း ပြောသည်။
ပါတီများ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဥပဒေအရ လုပ်နိုင်ကိုင်နိုင်သည့် အခြေ အနေတွင်ရှိစေရေး လိုအပ်သည့် ပြင်ဆင်မှုများကို လုပ်ပေးပြီးဖြစ်ကြောင်း၊ တစ်ဖက် တွင်လည်း နိုင်ငံရေးအရ၊ လုံခြုံရေးအရ လုပ်နိုင်ကိုင်နိုင် သည့် အနေအထားတွင်ရှိရန်လည်း လိုမည်ဖြစ်ကြောင်း၊ အချို့သော မြို့နယ်များ၌ လုံခြုံရေးအရ ပါတီလှုပ်ရှား မှုများ ဆောင်ရွက်ရန်အခက်အခဲရှိမည်ဖြစ်သော်လည်း ပါတီများအလိုက် မိမိတို့ လုပ်နိုင်သည့်အခြေအနေတွင် ရှိသည့် ဒေသများ၌ ပါတီလှုပ်ရှားမှုများကို ပြည်သူလူထုနှင့် အဆက်မပြတ် ထိတွေ့ဆောင်ရွက်နေရန်လို ကြောင်း၊ ပါတီဖွဲ့စည်းထားသည့် မြို့နယ်များ၊ ဖွဲ့စည်းရန်ရည်ရွယ်ထားသည့်မြို့နယ်များ၌ အရှိန်အဟုန်ဖြင့် လှုပ်ရှားမှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ပါတီနိုင်ငံရေးဆိုသည်မှာ မိမိတို့ပါတီ၏မူဝါဒများကို ပြည်သူ အများက လက်ခံလာအောင်၊ ပါတီဝင်များဖြစ်လာအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ပါတီနိုင်ငံရေးမှတဆင့် နိုင်ငံ့ အရေးကို ဖော်ဆောင်ရခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
#PeopleMedia