နိုင်ငံ၏တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို သတင်းအတုအယောင်များ၊ ကျင့်ဝတ်သိက္ခာမဲ့ သတင်းအချက်အလက်များက ဟန့်တားဖျက်ဆီးလျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား
PUBLISHED - December 2, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၂
မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို သတင်းအတုအယောင်များ၊ အမုန်းစကားများ၊ ကျင့်ဝတ်သိက္ခာမဲ့ သတင်းအချက်အလက်များက ဟန့်တားဖျက်ဆီးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန – ၁ ၌ ကျင်းပခဲ့သည်။
မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို သတင်းအတုအယောင်များ၊ အမုန်းစကားများ၊ ကျင့်ဝတ်သိက္ခာမဲ့ သတင်းအချက်အလက်များက ဟန့်တားဖျက်ဆီးလျက်ရှိကြောင်း၊ တိုင်းရင်းသားညီညွတ်မှု ကိုလည်း ပျက်စီးစေနိုင်ကြောင်း၊ မိမိတို့ အားလုံးမျှော်မှန်းထားသည့် ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း အနှောင့်အယှက်ဖြစ်စေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ပြည်ထောင်စုကြီးကို အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့တွင် စွမ်းရည်ပြည့်စုံထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ယနေ့အချိန်တွင် အနာဂတ်၏အင်အားများ ဖြစ်သည့် လူငယ်များကို ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများ မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ယင်းအတွက် လိုအပ်သည့် အာဟာရမှာ စာပေလေ့လာဖတ်ရှုခြင်းဖြစ်ပြီး စာပေပညာရှင်၊ စာဆိုတော်များ၏ စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသိုမှီးကြရမည်ဖြစ်ကြောင်း ပြောသည်။
မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို ပြည်သူများ လိုလားချက်နှင့်အညီ တည်ဆောက်နိုင်ရေး ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းများ အောင်မြင်ရေးအတွက် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရေးနှင့် အသိပညာကြွယ်ဝသည့် လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို ပုံဖော်တည်ဆောက် ပေးရန်လိုအပ်ကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် စာအုပ်စာပေများ၏ အသိပညာပေးမှု၊ လမ်းညွှန်မှုများက သာယာဝပြောသည့် လူ့ဘောင်အဖွဲ့အစည်းဖြစ်ပေါ်လာစေရေးကို များစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။
#PeopleMedia