နိုဘယ်လ်ဆုရှင် မိုဟာမက်ယူနွတ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရ ထောင်ဒဏ်အပြစ်ပေး
PUBLISHED - January 3, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုဘယ်လ်ဆုရှင် မိုဟာမက်ယူနွတ်ကို နိုင်ငံရဲ့ အလုပ်သမားဥပဒေကို ချိုးဖောက်မှုနဲ့ ဘင်္ဂလားဒေ့ရှ်တရားရုံးတစ်ခုက တင်္လာနေ့ (ဇန်နဝါရီလ ၁ ရက်နေ့) က ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်ပါ တယ်။
ဆင်းရဲသားတွေကို ကူညီဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနိုင်ငံမှာ အသေးစားချေးငွေလုပ်ငန်း (micro-finance loans) ကို စတင်ဆောင်ရွက်ခဲ့သူ အသက် ၈၃ နှစ်အရွယ်ရှိ မိုဟာမက်ယူနွတ်ကို အယူခံခွင့်လျှောက်ထားဖို့အ တွက် အာမခံပေးထားတယ်လို့ ဆိုပါတယ်။
တရားရုံးဆုံးဖြတ်ချက်ဟာ ဥပဒေစီရင်ထုံးတွေ၊ ဆင်ခြင်တွေးခေါ်မှုတွေနဲ့ ဆန့်ကျင်နေကြောင်း ယူနွတ်က ပြော ကြားလိုက်သလို ဒီအမှုဟာ နိုင်ငံရေးအရလှုံ့ဆော်မှုကြောင့်ဖြစ်ပေါ်လာတာဖြစ်ကြောင်း ၎င်းကိုထောက်ခံသူတွေ က ပြောပါတယ်။ ပါမောက္ခမိုဟာမက်ယူနွတ်ဟာ ၎င်းကို ဆင်းရဲသားတွေဆီက ဂုတ်သွေးစုပ်စားနေတဲ့သူလို့ စွပ်စွဲခဲ့တဲ့ ဘင်္ဂလား ဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ အလွန်တင်းမာတဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ယူနွတ်ဟာ အဂတိလိုက်စားမှု၊ ရန်ပုံငွေအလွဲသုံးစားလုပ်မှုအပါအဝင် အမှုပေါင်းများစွာနဲ့ ရင် ဆိုင်နေရပါတယ်။
စစ်တကောင်းမြို့မှာ ၁၉၄၀ ပြည့်နှစ်ကမွေးဖွားခဲ့တဲ့ မိုဟာမက်ယူနွတ်ဟာ အမေရိကန်နိုင်ငံ တန်နက်ဆီပြည် နယ် ဗန်ဒါဘစ်တက္ကသိုလ်က PhD ဒေါက်တာဘွဲ့ကို ဆွတ်ခူးခဲ့ပြီး Middle Tennessee State University မှာ လက်ထောက်ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၁၉၇၂ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံထူထောင်လိုက်ပြီးနောက်မှာ ယူနွတ်ဟာ ဘင်္ဂလားဒေ့ရှ်ကိုပြန်လာပြီး စစ်တ ကောင်းတက္ကသိုလ် စီးပွားရေးဌာနရဲ့အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ထူထောင်ခါစ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘဏ်ချေးငွေချေးယူခွင့်မရတဲ့ ပေါများလှတဲ့ဆင်းရဲသားတွေအတွက် အ သေးစားချေးငွေတွေထုတ်ချေးပေးနိုင်ဖို့ ယူနွတ် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
“ရှေ့ပြေးစီမံချက်တွေအောင်မြင်ပြီးနောက်မှာ ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်လာနိုင်တာကို ယူနွတ်ယုံကြည်ခဲ့ပြီး နိုင်ငံရဲ့တခြားနေရာတွေမှာလည်း အသေးစားချေးငွေလုပ်ငန်းတွေကို ဆက်လက်ထူထောင်ခဲ့ပါတယ်။ အဲဒီ နောက် ၇ နှစ်အတွင်းဖြစ်တဲ့ ၁၉၈၃ ခုနှစ်မှာ ဂရာမန်းဘဏ်ကို ထူထောင်လိုက်ပါတယ်။” လို့ အာဖရိက ဖွံ့ဖြိုး ရေးဘဏ်အုပ်စုက ပြောပါတယ်။
ဂရာမန်းဘဏ်ဟာ ဆင်းရဲသားတွေကို သန်းပေါင်းများစွာထုတ်ချေးနိုင်ခဲ့ရာ ဘဏ်ထူထောင်ခဲ့တဲ့အချိန်ကစပြီး ဆင်းရဲသား ၉.၅၅ သန်းကို အပေါင်ပစ္စည်းမဲ့ချေးငွေ ဒေါ်လာ ၃၄.၀၁ သန်း ချေးပေးနိုင်ခဲ့ပြီး ချေးပေးထားတဲ့ ငွေ ၉၇.၂၂ % ပြန်လည်ရရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် Daily Sun မီဒီယာက ပြီးခဲ့တဲ့နှစ်က ပြောပါတယ်။
ဂရာမန်းဘဏ်ရဲ့အောင်မြင်မှုတွေကြောင့် ဂရာမန်းဘဏ်ကို အတုယူပြီး ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၀၀ ကျော်မှာ အလားတူဘက်မျိုးတွေဖွင့် လှစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိမ့်ကျနေတဲ့ စီးပွားရေး/လူမှုရေးကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ၂၀၀၆ ခုနှစ်မှာတော့ မိုဟာမက်ယူနွတ်နဲ့ ၎င်းတည်ထောင်ခဲ့တဲ့ ဂရာမန်းဘဏ်ကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ခဲ့ပါတယ်။
နိုဘယ်ဆုရရှိပြီး မကြာခင်မှာပဲ ကိုယ်ပိုင်နိုင်ငံရေးပါတီ တည်ထောင်ဖို့ ယူနွတ်စတင်စဉ်းစားလာတဲ့အတွက် အဲဒီ အချိန်က ငွေညှစ်မှုနဲ့ ထောင်ထဲရောက်နေတဲ့ ဟာဆီနာက မကျေမနပ်ဖြစ်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ယူနွတ်ဟာ ၎င်းရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေအတွက် လုံလောက်တဲ့အားပေးထောက်ပံ့မှုမရှိ ဘူးလို့ ပြောပြီး နိုင်ငံရေးပါတီထောင်မယ့်စိတ်ကူးကို စွန့်လွှတ်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၀၉ ခုနှစ် ရှိတ်ဟာဆီနာ အာဏာပြန်ရလာတဲ့အချိန်မှာ ၎င်းရဲ့အစိုးရဟာ မိုဟာမက်ယူနွတ်ရဲ့လုပ်ငန်း တွေအားလုံးကို စတင်စုံစမ်းစစ်ဆေးပါတော့တယ်။
မိုဟာမက်ယူနွတ်ဟာ ဂရာမန်းဘဏ်အကြီးအကဲအဖြစ် ကျေးလက်ဒေသက အမျိုးသမီးတွေထံက ၎င်းရဲ့ချေး ငွေတွေ ပြန်လည်ရရှိဖို့အတွက် အင်အားသုံးတဲ့ နည်းလမ်းအပြင် တခြားနည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ခဲ့ ကြောင်း ဟာဆီနာက စွပ်စွဲခဲ့ပါတယ်။
ယူနွတ်ထူထောင်ခဲ့တဲ့ အကျိုးအမြတ်မယူတဲ့ ဂရာမန်းတယ်လီကွမ်း ကုမ္ပဏီ (Grameen Telecom) ဟာ အလုပ်သမားဥပဒေတွေကို ချိုးဖောက်ခဲ့တာကို တနင်္လာနေ့က ဒါကာမြို့ရှိ တတိယမြောက်တရားရုံးက တွေ့ရှိခဲ့ တယ်လို့ ဆိုပါတယ်။
ကုမ္ပဏီဝန်ထမ်း ၆၇ ဦးဟာ အမြဲတမ်းဝန်ထမ်းဖြစ်ရမှာဖြစ်ပေမဲ့ အဲဒီဝန်ထမ်းတွေဟာ အမြဲတမ်းဝန်ထမ်းမဟုတ် တဲ့အပြင် ဝန်ထမ်းပါဝင်ဆောင်ရွက်မှုနဲ့ သက်သာချောင်ချိရေးရန်ပုံငွေကိုလည်း တည်ထောင်ခဲ့ခြင်းမရှိဘူးလို့ စီရင်ချက်ထဲမှာဖော်ပြထားပါတယ်။
ဒါ့အပြင် ကုမ္ပဏီရဲ့မူဝါဒအရ ကုမ္ပဏီအမြတ်ငွေတွေရဲ့ ၅% ကို ကုမ္ပဏီဝန်ထမ်းတွေကို ခွဲဝေပေးရမှာဖြစ်ပေမဲ့ ခွဲဝေပေးခြင်းမရှိဘူးလို့ ဆိုပါတယ်။
ဂရာမန်းတယ်လီကွမ်း ကုမ္ပဏီ ဥက္ကဋ္ဌအဖြစ် မိုဟာမက်ယူနွတ်နဲ့ ကုမ္ပဏီဒါရိုက်တာ ၃ ဦးကို တရားရုံးကထောင် ဒဏ်ခြောက်လစီ အပြစ်ပေးလိုက်ပါတယ်။
Ref: Why a Bangladesh court has sentenced Nobel prize winner Muhammad Yunus to jail
#PeopleMedia