နေပြည်တော်ကောင်စီနယ်မြေတွင် (၂၆) ရက်ကြာပျောက်ဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ခေါင်းတစ်ခြားကိုယ်တစ်ခြား တွေ့ရှိ
PUBLISHED - December 12, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၁၂
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၃၁၀၅ အနီးရှိ လျှိုထဲတွင် (၂၆) ရက်ကြာပျောက်ဆုံးနေသည့် စိတ်ကျန်းမာရေးချို့တဲ့သော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ခေါင်းတစ်ခြား ကိုယ်တစ်ခြားစီတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် သေဆုံးသူအမျိုးသား၏ ဇနီးဖြစ်သူမှာ ခရီးထွက်သွားသောကြောင့် ထိုသေဆုံးသူမှာ နေအိမ်တိုက်ခန်းထဲတွင် အသက်ရူကြပ်သောကြောင့် အပြင်သို့ထွက်သွားရာမှ ပျောက်ဆုံး သွားပြီးနောက် ဒီဇင်ဘာလ ၁၁ ရက် ၄ နာရီ ၃၀ အချိန်တွင် ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၃၁၀၅ အနီးတွင် နေ ထိုင်သူများမှ အပုတ်နံ့ထွက်သောကြောင့် ဇမ္ဗူသီရိ အမှတ်(၇) မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများ လိုက်လံ စစ်ဆေးရှာဖွေရာတွင် ထိုတိုက်အနီးရှိ လျှိူထဲတွင် ခေါင်းတစ်ခြားကိုယ်တစ်ခြားဖြင့် သေဆုံးနေသည့် ရုပ် အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
“ဆရာဝန်တွေပြောပြချက်အရတော့ အဆိပ်ရှိတဲ့ အကောင်တစ်ကောင်ကိုက်ပြီး သေတာလို့ပြောတယ်။ ခုလောလောဆယ်တော့ စစ်ဆေးနေတယ်” လို့ လုံခြုံရေးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ဖြေကြားသည်။
ထိုသေဆုံးသည့် အမျိုးသားမှာ အသက် (၄၆) နှစ်ရှိပြီး ၎င်းမှာ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၃၁၀၅ တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ရုပ်အလောင်းကို ဇမ္ဗူသီရိမြို့နယ်၊ ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း၊ ယင်းသေဆုံးမှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် တာဝန်ရှိသူများမှ စစ်ဆေးနေကြောင်း သိရသည်။
Photo – Credit
#PeopleMedia