နေပြည်တော်ခုတင် (၁၀၀၀) ဆေးရုံ၌ ပထမအကြိမ်ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်၊ လူနာနှင့် အလှူရှင်နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိ
![](https://cdn.myanmarseo.com/file/client-cdn/peoplemedia/wp-content/uploads/2024/12/462586722_638828775242822_6535803004649188612_n-624x351.jpg)
PUBLISHED - December 13, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၁၃
နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ ကျောက်ကပ်အစားထိုးရန် လိုအပ်သော ကျောက်ကပ် ရောဂါလူနာအတွက် ပထမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော လူနာသည် ပျဉ်းမနားမြို့နယ်တွင် နေထိုင်သည့် ပြည်သူတစ်ဦးဖြစ်ပြီး ကျောက်ကပ်ကို ၎င်း၏ ဖခင်က လှူဒါန်းပေးခဲ့ခြင်းဖြစ်ကာ ယခုအခါ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက ဆေးရုံအထူးကြပ်မတ်ကုသဌာန၌ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည့်အတွက် လူနာနှင့် ကျောက်ကပ်အလှူရှင်နှစ်ဦးစလုံး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိသည်။
ထို့အတူ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ဆေးရုံစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆရာဝန်များ၊ ဒုတိယညွှန်ကြားရေးမှူး(သူနာပြုအုပ်ကြီး)နှင့် သူနာပြုများ၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှ ကျွမ်းကျင်သူနာပြု ဆရာမကြီး ဦးဆောင်သော သူနာပြုများအဖွဲ့၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြု ဝန်ထမ်းများအားလုံးကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#PeopleMedia